![]()
အက်သားရီ/မတ် ၆။
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသည့် လေဖြတ်ဝေဒနာရှင် အဘွားဒေါ်မူဟုန်သည် ယနေ့ နံနက်ပိုင်းတွင် အနာရောဂါများ ဆိုးရွားစွာ ခံစားရပြီးနောက် သေဆုံးသွားကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။
အသက် ၈၀ အရွယ် အဘွားဒေါ်မူဟုန်သည် ၂၀၂၄ ခုနှစ်၊ “၁ လေးလုံး” စစ်ဆင်ရေးကာလမှစတင်၍ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရသူဖြစ်သည်။
၎င်းသည် အနှစ် ၂၀ ခန့် ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်ရောဂါ ခံစားနေရသူဖြစ်ပြီး စစ်ရှောင်ကာလအတွင်း ပြုစုစောင့်ရှောက်မှု အားနည်းခြင်းနှင့်အတူ ကျောပြင်နှင့် ခြေထောက်များတွင် အိပ်ရာနာများ ဆိုးရွားစွာဖြစ်ပွားကာ အနာဝေဒနာများ ပြင်းထန်စွာ ခံစားခဲ့ရခြင်းဖြစ်သည်။
စစ်ရှောင်ကူညီပေးနေသူ ဦးထွန်းမြန်မာက “ပြုစုတဲ့သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အဘွားက မကြာလောက်တော့ဘူးတဲ့။ ခန္ဓာကိုယ်ကလည်း အနာကြီးတွေနဲ့ လောက်တွေပါ တက်နေတာ။ ကျွန်တော်လည်း ပထမအကြိမ် လိုအပ်တဲ့ ဆေးဝါးနဲ့ အာဟာရ ကြက်ပေါင်း၊ ငှက်သိုက်လေးတွေ သွားပေးခဲ့ပါတယ်” ဟု သံလွင်ခက်သို့ ပြောကြားသည်။

အဆိုပါ အဘွားအိုသည် သေဆုံးခြင်းမပြုမီ ၁၂ ရက်အလိုတွင် စစ်ရှောင်ကူညီသူများထံမှ အာဟာရနှင့် ဆေးဝါးအချို့ ရရှိခဲ့သော်လည်း ယနေ့ နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ရှောင်နေသည့် ကျေးရွာ၌ပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်၏ ထိုးစစ်များနှင့် ကန့်သတ်မှုများကြောင့် ကရင်နီပြည်နယ်အတွင်း လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး စစ်ဘေးရှောင်များအတွက် ရေပေးဝေနေသည့် ပရဟိတအဖွဲ့များမှာလည်း လုပ်ငန်းရပ်တန့်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
စစ်ဘေးရှောင်အများစုမှာ စားဝတ်နေရေး ကျပ်တည်းမှုများအပြင် လူငယ်အင်အားစုများ ပြည်ပထွက်ခွာမှု များပြားလာခြင်းကြောင့် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်သူများကို ပြုစုစောင့်ရှောက်ရန် ပိုမိုခက်ခဲလာကြောင်း စစ်ရှောင်ကူညီသူများက သုံးသပ်ပြောဆိုထားသည်။
