![]()
အက်သားရီ/မတ် ၆။ ပုံစာ- နန်းမယ်ခုံရှိ နွေစပါးစိုက်ပျိုးနေသည့် လယ်ယာလုပ်ငန်းခွင်/ပုံ – ပေးပို့
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံလယ်သမားများသည် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်ကာ ပစ္စည်းပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးရန် ပြင်ဆင်မှုများအားလုံး ရပ်ဆိုင်းထားရကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးဗြဲဆည် ရေဖောက်ချမှုများကြောင့် ဘီလူးချောင်းဘေးရှိ စိုက်ပျိုးမြေများမှာ (၃) နှစ်ဆက်တိုက် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံခဲ့ရသည်။
ယခုနှစ်တွင် မိုးရာသီ ရေကြီးမှုကို ရှောင်လွှဲရန် ဒေသခံများက နွေစပါးစိုက်ပျိုးရန် အားခဲထားသော်လည်း စက်သုံးဆီ ပြတ်လပ်မှုက တောင်သူတို့၏ မျှော်လင့်ချက်ကို မှေးမှိန်သွားစေသည်။
“အကုန်လုံးက နွေစပါး လုပ်ချင်တယ်။ တချို့က ပျိုးထောင်တဲ့လူလည်း ထောင်ကုန်ပြီ၊ တချို့က အစေ့ချတဲ့လူက ချပြီ။ အခု ဆီက ပြတ်လပ်သွားတဲ့အချိန်မှာ ကျနော်တို့ စက်တွေ ရပ်သွားတဲ့ အနေအထားမျိုးတွေ အများကြီး ကြုံတွေ့ရတာပေါ့” ဟု ကျွန်းတောကျေးရွာမှ တောင်သူ ဦးအောင်ငဲ က သံလွင်ခက်ကို ပြောသည်။
နန်းမယ်ခုံဒေသတွင်း စက်သုံးဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် ကျပ် ၄၀,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ဝယ်ယူ၍ပင် မရတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။
ယနေ့ခေတ် စိုက်ပျိုးရေးစနစ်မှာ ထွန်ယက်ခြင်းမှအစ ရေတင်ခြင်းအဆုံး စက်ကိရိယာများကိုသာ အဓိကအားထားနေရသဖြင့် ဆီမရှိပါက လယ်ယာလုပ်ငန်းခွင်သို့ ဆင်းရန် မဖြစ်နိုင်တော့ကြောင်း ဒေသခံများက ဆိုသည်။
ကျွန်းတောရွာမှ တောင်သူ အမျိုးသမီးတစ်ဦးကလည်း “လယ်စိုက်ဖို့ဆိုလည်း အခုခေတ်က စက်နဲ့ပဲ သုံးနေကြတာလေ။ အခု ဆီပြတ်လပ်မှုကြောင့် ကျွန်မတို့က လယ်ဘယ်လိုဆင်းရမလဲ။ ဆီရှိမှ ရတာပါ” ဟု လက်ရှိအခြေအနေကို ပြောပြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်တွင် နန်းမယ်ခုံမြို့အနီးရှိ မိုးဗြဲမြို့ပေါ်၌ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်မရှင်တပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေခြင်းအပြင် အရှေ့အလယ်အပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီပြတ်လပ်နေခြင်းက စိုက်ပျိုးရေးသာမက ဒေသတွင်း ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စရပ်များတွင် ဆက်သွယ်သွားလာနိုင်ရေးအတွက်ပါ အဟန့်အတားကြီးတစ်ခု ဖြစ်နေသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများရှိနေသည်။
