![]()
သံလွင်ခက်/မတ် ၉။
အီရန်နိုင်ငံတောင်ပိုင်း မီနပ်မြို့ရှိ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်စခန်းအနီးရှိ မူလတန်းကျောင်းတစ်ကျောင်းကို အမေရိကန်၏ Tomahawk ဒုံးကျည် ထိမှန်ခဲ့သည့်ပုံစံမျိုး တွေ့မြင်ရသော ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် လူပေါင်း ၁၇၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အီရန်အာဏာပိုင်များက ပြောထားသည်။
အဆိုပါ ၇ စက္ကန့်ကြာ ဗီဒီယိုဖိုင်ကို The Washington Post သတင်းစာက စစ်ဆေးအတည်ပြုခဲ့ပြီး ယင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က ဖြစ်ပွားခဲ့သော လူသေဆုံးမှုများပြားသည့် တိုက်ခိုက်မှုတွင် အမေရိကန် ပါဝင်ပတ်သက်နေကြောင်း ပြသနေသည့် နောက်ဆုံးထွက်ပေါ်လာသော အထောက်အထားတစ်ခု ဖြစ်သည်။
ဗီဒီယိုအတွင်းမှ အချက်အလက်များ
ဗီဒီယိုဖိုင်တွင် ဒုံးကျည်တစ်စင်းသည် လေထဲမှတစ်ဆင့် အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြီး အဆောက်အအုံတစ်ခုကို ထိမှန်ပေါက်ကွဲသွားပုံကို တွေ့ရသည်။ ကျွမ်းကျင်သူ ၈ ဦး၏ အဆိုအရ ၎င်းဒုံးကျည်၏ ပုံသဏ္ဌာန်နှင့် ပေါက်ကွဲမှုအရှိန်မှာ အမေရိကန်ရေတပ်သုံး Tomahawk (တိုမာဟော့ခ်) ဒုံးကျည်အမျိုးအစားနှင့် ကိုက်ညီနေကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့်နေရာမှာ Shajarah Tayyiba မူလတန်းကျောင်း ဖြစ်ပြီး ၎င်းသည် IRGC ရေတပ်စခန်းနှင့် ကပ်လျက်တွင် တည်ရှိသည်။ ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါနယ်မြေအတွင်း အဆောက်အအုံ ၁၁ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရသည်။
သတင်းနှင့် ဗီဒီယို- The Washington Post
အမေရိကန်အစိုးရ၏ တုံ့ပြန်မှု
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့က သတင်းထောက်များကို ပြောရာတွင် အဆိုပါကျောင်းကို တိုက်ခိုက်မှုမှာ “အီရန်ကိုယ်တိုင် လုပ်ဆောင်ခြင်းဖြစ်သည်” ဟု ဆိုခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း “အရပ်သားတွေကို ပစ်မှတ်ထားတာဟာ အီရန်ပဲ ဖြစ်တယ်” ဟု ပြောဆိုကာ အမေရိကန်ဘက်မှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တုံ့ပြန်ခဲ့သည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကမူ အဆိုပါဗီဒီယိုဖိုင်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်
စစ်လက်နက်ပစ္စည်း ကျွမ်းကျင်သူများကမူ အဆိုပါဒေသအတွင်း တိုက်ခိုက်မှုများကို အမေရိကန်နှင့် အစ္စရေးတို့ နယ်မြေခွဲဝေ တာဝန်ယူထားသဖြင့် Tomahawk ဒုံးကျည်ကို အသုံးပြုထားခြင်းသည် ယင်းတိုက်ခိုက်မှုကို အမေရိကန်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားဖြစ်သည်ဟု ဆိုကြသည်။
လက်ရှိတွင် The New York Times နှင့် Reuters သတင်းဌာနတို့၏ စုံစမ်းစစ်ဆေးမှုများအရလည်း အဆိုပါကျောင်းအား တိုက်ခိုက်မှုတွင် အမေရိကန်တပ်ဖွဲ့များ၌ တာဝန်ရှိနိုင်ကြောင်း ဖော်ပြနေကြသည်။ ဤဖြစ်စဉ်သည် အမေရိကန်-အီရန် တစ်ပတ်ကြာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးမှု အများဆုံးဖြစ်စဉ်အဖြစ် ရှုမြင်ခံနေရပါသည်။
#အီရန် #မူလတန်းကျောင်း #အမေရိကန်ဒုံးကျည် #ထိမှန်သည့်ဗီဒီယိုဖိုင် #ထွက်ပေါ် #ThanLwinKhetNews
