![]()
သံလွင်ခက်/မတ် ၇။ ဓါတ်ပုံ – မင်းသားဒေါင်း၏ လူမှုကွန်ရက်စာမျက်နှာ
မြန်မာ့ရုပ်ရှင်သရုပ်ဆောင် ဒေါင်း က ပြည်ပနိုင်ငံများတွင် ကျင်းပခဲ့သည့် ရန်ပုံငွေပွဲများမှ ရရှိလာသော အလှူငွေများကို အခြေခံ၍ ‘တို့သစ်ပင်များ ပညာရေးဖောင်ဒေးရှင်း’ (Our Trees Education Foundation) ကို ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် တရားဝင် စတင်တည်ထောင်လိုက်ပြီဖြစ်သည်။
ပြီးခဲ့သည့် ကာလအတွင်း သြစတြေးလျ၊ ဂျပန် နှင့် ကိုရီးယား နိုင်ငံများတွင် ကျင်းပခဲ့သည့် Movie Night with Daung အစီအစဉ်များမှ ရရှိလာသော အသားတင်အမြတ်ငွေ ထိုင်းဘတ် ၈၁၇,၇၇၃.၈၂/- (ရှစ်သိန်း တစ်သောင်း ခုနစ်ထောင် ခုနစ်ရာ) ကို ပညာရေးပဒေသာပင် မတည်ငွေအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဖောင်ဒေးရှင်း ဖြစ်မြောက်လာပုံ အဆင့်ဆင့်နှင့် ရရှိလာသည့် ရန်ပုံငွေများကို ပညာရေးကဏ္ဍတွင် မည်သို့အကျိုးရှိစွာ အသုံးပြုသွားမည်ဆိုသည့် အသေးစိတ်အချက်အလက်များကို မီဒီယာများထံ ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။
“ တို့သစ်ပင်များ ပညာရေးဖောင်ဒေးရှင်း ’’ ကို မြန်မာ့လူငယ်များ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်၊ ပညာရေးထောက်ပံ့မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊ ပြည်သူ့ထံမှ ရရှိသော အလှူငွေများကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲရန် ရည်ရွယ်ချက်များဖြင့် စနစ်တကျ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ ပဋိပက္ခဒေသများရှိ လူငယ်များသည် ပညာသင်ကြားခွင့် အခွင့်အလမ်းများ ဆုံးရှုံးနေရပြီး အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်နေရသဖြင့် လူငယ်များ၏ ပညာရေးအဆက်မပြတ်စေရန် ရည်ရွယ်၍ ‘တို့သစ်ပင်များ’ ဖောင်ဒေးရှင်းကို စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
“ တို့သစ်ပင်များ ’’သည် စစ်ဘေးသင့်ဒေသများရှိ စစ်ရှောင်လူငယ်များ၊ တော်လှန်ရေးနယ်မြေများအတွင်း ဒေသန္တရအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်နေကြသော တော်လှန်လူငယ်များ၊ လွတ်မြောက်နယ်မြေများရှိ ပညာရေးအခွင့်အလမ်း နည်းပါးနေသော လူငယ်များကို အဓိကထား ကူညီပေးသွားမည်ဖြစ်သည်။
ဖောင်ဒေးရှင်းအနေဖြင့် လာမည့်နှစ်များအတွင်း ပညာသင်ကြားခွင့် ရရှိရေး၊ ပညာသင်ဆု ထောက်ပံ့ရေး၊ သင်ကြားရေးဝန်းကျင် ဖန်တီးပေးရေး စသည့် အဓိက လုပ်ငန်းတာဝန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
#မင်းသားဒေါင်း #တို့သစ်ပင်များ #ပညာရေးဖောင်ဒေးရှင်း #စတင်တည်ထောင် #ThanLwinKhetNews
