![]()
သံလွင်ခက်/မတ် ၉။ ပုံစာ-ဖေဖော်ဝါရီ ၁၈ရက်နေ့တွင် စစ်ကော်မရှင်မှ စစ်မှုထမ်းအပတ်စဉ်၂၂ဖွင့်ပွဲ ပြုလုပ်နေပုံ/Photo-MOI
ရန်ကုန်တိုင်းအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လတာကာလ၌ စစ်ကော်မရှင်၏ လက်အောက်ခံ အဖွဲ့အစည်းများက အရပ်သားပြည်သူ ၅၈ ဦးထက်မနည်းကို မတရားဖမ်းဆီးခဲ့သည်ဟု Rangoon Scout Network RSN ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများအနက် အချို့မှာ စစ်မှုထမ်းသင်တန်းကျောင်းများသို့ အတင်းအကျပ် ပို့ဆောင်ခံထားရသည်ဟု ဖော်ပြထားသည်။
ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော ဖမ်းဆီးမှုများကို လေ့လာကြည့်ရာတွင် စစ်ကော်မရှင်သည် ပစ်မှတ်ထားဖမ်းဆီးခြင်းထက် လမ်းမများပေါ်၌ ရမ်းသမ်းဖမ်းဆီးခြင်းကို ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။
စုစုပေါင်းဖမ်းဆီးခံရသူ ၅၈ ဦးအနက် ၄၁ ဦးမှာ အများပြည်သူအပန်းဖြေရာ လမ်းဘေးတွင် ထိုင်နေစဉ်၊ လမ်းသွားလာနေစဉ်နှင့် စားသောက်ဆိုင် ထိုင်နေစဉ်အတွင်း မမျှော်လင့်ဘဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့အနက် လမ်းဘေးထိုင်နေသူ ၂၀ ဦး၊ လမ်းသွားလာသူ ၁၉ ဦးနှင့် စားသောက်ဆိုင်ထိုင်နေသူ နှစ်ဦးတို့ ပါဝင်နေသဖြင့် မြို့ပြနေပြည်သူများအတွက် လုံခြုံမှုကင်းမဲ့နေကြောင်း မီးမောင်းထိုးပြနေသည်။
သတင်းအတိအကျဖြင့် နေအိမ်များသို့ လာရောက်ရှာဖွေ ဖမ်းဆီးခံရသူ ၁၃ ဦးရှိပြီး လမ်းမပေါ်တွင် ရှောင်တခင် စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးခံရသူ တစ်ဦး ရှိခဲ့သည်။ ထို့ပြင် အဖမ်းခံရသည့် အကြောင်းရင်းနှင့် ပုံစံကို တိတိပပ မသိရသူ သုံးဦးအထိ ရှိနေသဖြင့် ဖမ်းဆီးမှုဖြစ်စဉ် အများစုမှာ ဥပဒေမဲ့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ဖမ်းဆီးခံရသူ ၅၈ ဦးအနက် ၁၈ ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ကျန်ရှိသည့် ၂၉ ဦးမှာ ယနေ့ထက်တိုင် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို အတည်မပြုနိုင်သေးဘဲ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သည်ဟု သိရသည်။
ပုံစာ-ဖေဖော်ဝါရီ ၁၈ရက်နေ့တွင် စစ်ကော်မရှင်မှ စစ်မှုထမ်းအပတ်စဉ်၂၂ဖွင့်ပွဲ ပြုလုပ်နေပုံ/Photo-MOIစစ်ကော်မရှင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်မှုထမ်းအမှတ်စဉ် ၂၂ သင်တန်းကို စတင်ကြောင်း ကြေညာခဲ့သည်။ ယင်းနောက် ဖမ်းဆီးခံရသူများထဲမှ ၁၁ ဦးကို စစ်မှုထမ်းရန်အတွက် ရည်ရွယ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနက် သုံးဦးကို စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း RSN က အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
ချုပ်နှောင်ခံထားရစဉ်အတွင်း ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းသူ နှစ်ဦးရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ သေဆုံးကာ ကျန် တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် စစ်ရေးလှုပ်ရှားမှုများ၌ ကိုယ်တိုင်ပါဝင်ခြင်း သို့မဟုတ် ထောက်ပို့လုပ်ဆောင်ခြင်းများ ရှိသည်ဟု စွပ်စွဲဖမ်းဆီးခံရသူ ခြောက်ဦး ပါဝင်သည်ဟု သိရသည်။ ထိုအထဲမှ ၁ ဦးမှာ ပစ်ခတ်ဖမ်းဆီးခြင်း ခံခဲ့ရသည်။
RSN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ကိန်းဂဏန်းများသည် ခိုင်လုံသော သတင်းရင်းမြစ်များထံမှ ရရှိသည့် အချက်အလက်များပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သဖြင့် မြေပြင်တွင် ယခုထက် ပိုမိုသော ဖမ်းဆီးမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေနိုင်သည်ဟု ဆိုသည်။
Rangoon Scout Network RSN သည် ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များနှင့် ဖြစ်ပျက်နေသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ပြဖြစ်စဉ်များနှင့်အတူ အာဏာသိမ်းစစ်တပ်၏ လှုပ်ရှားမှုများကို အဓိကထား ဖော်ပြပေးလျက်ရှိသည်။
#ဖေဖော်ဝါရီ #ရန်ကုန် #မတရားဖမ်းဆီးခံရ #စစ်မှုထမ်းရန် #စေခိုင်းမှုများရှိနေ #ThanLwinKhetNews
