![]()
သံလွင်ခက်/မတ် ၈။ ဓါတ်ပုံ – Solidarity of Trade Union Myanmar
ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံရှိ စက်မှုဇုန်အသီးသီးမှ အမျိုးသမီး အလုပ်သမားများ ရင်ဆိုင်နေရသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ Solidarity Trade Union of Myanmar (STUM) က သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်တွင်းရှိ နိုင်ငံခြားသား အလုပ်ရှင်အချို့သည် အမျိုးသမီး အလုပ်သမားများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ နှုတ်ဖြင့် စော်ကားခြင်းနှင့် ဂုဏ်သိက္ခာချနှိမ့်ချခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။
” စက်ရုံဝင်းထဲမှာ အမျိုးသမီးလုပ်သားတွေက လုပ်ခလစာအခက်ခဲတင်မကဘဲ နိုင်ငံခြားသား လုပ်ငန်းရှင်တွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကိုပါ ရင်ဆိုင်နေရတာပါ။ ဒါတွေကို လျစ်လျူရှုထားမယ်ဆိုရင် အခြေအနေတွေ ပိုမိုဆိုးရွားလာမှာ ဖြစ်လို့ ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ အထူးထောက်ပြရတာ ဖြစ်ပါတယ် ” ဟု အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးက ပြောသည်။

ဓါတ်ပုံ – Solidarity of Trade Union Myanmar
ဤကဲ့သို့ ကျူးလွန်မှုများသည် လူ့ဂုဏ်သိက္ခာကို တိုက်ရိုက်ချိုးဖောက်ရုံသာမက နိုင်ငံတကာ အလုပ်သမား စံနှုန်းများနှင့် ပြည်တွင်းအလုပ်သမား ဥပဒေများကိုပါ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေသည့် ရာဇဝတ်မှုများ ဖြစ်သည်ဟု STUM က ထောက်ပြသည်။
လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများရှိ အမျိုးသမီးအလုပ်သမားများသည် ဥပဒေပါ အခွင့်အရေးများကို တောင်းဆိုသည့်အခါ အလုပ်ရှင်များ၏ အရှက်ခွဲခြင်းနှင့် ဖိအားပေးခြင်းတို့ကို ခံနေရသည်ဟု STUM က ဖော်ပြထားသည်။
ထို့အပြင် အလုပ်သမားအရေး ဆွေးနွေးပွဲများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကြောင့် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရသည့်အပြင် စောင့်ကြည့်ခံနေရပြီး လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို တိုင်ကြားပါက အလုပ်မှထုတ်ပယ်ခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် လက်စားချေ တုံ့ပြန်ခံနေရသည်ဟု သိရသည်။
လုပ်ငန်းခွင်အတွင်း တရားမျှတမှု မရှိခြင်းနှင့် ပတ်သက်၍ ထောက်ပြရာတွင်လည်း အလုပ်သမားများသည် အလုပ်ခွင် အာဏာရှိသူများကို ပြန်လည်ခုခံရန် အခက်အခဲရှိနေကြောင်း၊ အမှုအခင်းများမှာလည်း အရေးယူမှုမရှိဘဲ ပျောက်ကွယ်သွားတတ်ကြောင်းနှင့် ယင်းသို့သော ပတ်ဝန်းကျင်သည် ကောင်းမွန်သော လုပ်ငန်းခွင်မဟုတ်ကြောင်း ဒေါ်မျိုးမျိုးအေးက သံလွင်ခက်ကို ပြောသည်။

ဓါတ်ပုံ – Solidarity of Trade Union Myanmar
အဆိုပါ ကျူးလွန်မှုများကို လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း STUM က ကြေညာပြီး အောက်ပါ အချက် (၄) ချက်ကို တောင်းဆိုထားသည်။
(က) အမျိုးသမီး အလုပ်သမားများအပေါ် နည်းမျိုးစုံဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်နေမှုများကို ချက်ချင်း ရပ်တန့်ရန်။
(ခ) ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ စုံစမ်းစစ်ဆေးပြီး အပြင်းထန်ဆုံး အရေးယူပေးရန်။
(ဂ) အမျိုးသမီးများ ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်မည့် ကာကွယ်ရေး ယန္တရားများကို လုပ်ငန်းခွင်၌ ဖော်ဆောင်ပေးရန်။
(ဃ) အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် ဥပဒေကြောင်းအရ ကုစားမှုများ ပြုလုပ်ပေးပြီး ထိုက်တန်သည့် နစ်နာကြေးများ ပေးအပ်ရန် တို့ဖြစ်သည်။

STUM အနေဖြင့် ဤဖြစ်ရပ်များကို နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများ (ILO) နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများထံ တင်ပြသွားမည်ဖြစ်ပြီး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကုလသမဂ္ဂ အေဂျင်စီများနှင့်ပါ လက်တွဲဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။
#စက်ရုံအမျိုးသမီး #အကြမ်းဖက်မှု #ချက်ချင်းရပ်တန့် #STUM #ThanLwinKhetNews
