![]()
နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်မှုကြောင့် ပြည်သူများ ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီနေရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင် စစ်ကော်မရှင်လက်အောက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှု အခြေအနေများကို လေယာဉ်ဖြင့် ဝေဟင်မှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ်ရှိ သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် ကျူးကျော်မှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြုနေမှုများကို ဝေဟင်မှ ကနဦး ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု စစ်ကော်မရှင်ပိုင် သတင်းစာများနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

လက်ရှိတွင် စက်သုံးဆီ ရှားပါးမှုနှင့် ဈေးနှုန်းမြင့်မားမှုကြောင့် အခြေခံလူထုနှင့် ကုန်စည်စီးဆင်းမှု ကဏ္ဍများတွင် အကျပ်အတည်း ဖြစ်ပေါ်နေသည်။ သို့သော် ဝန်ကြီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှု ကာကွယ်ရန်နှင့် တရားမဝင် မြေယာအသုံးချမှုများကို ထိရောက်စွာ ကြီးကြပ်နိုင်ရန်ဟုဆိုကာ ယခုကဲ့သို့ လေယာဉ်ဖြင့် လှည့်လည်စစ်ဆေးနေခြင်း ဖြစ်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒေသတွင်း သစ်တောဖုံးလွှမ်းမှု တိုးပွားစေရေးနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းနိုင်ရန် တရားမဝင် ကျူးကျော်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဌာနပေါင်းစုံပါဝင်သော မြေပြင်ကွင်းဆင်းအဖွဲ့များဖြင့် ဆက်လက်စစ်ဆေးသွားမည်ဟု ဖော်ပြထားသည်။

စက်သုံးဆီ အခက်အခဲကာလအတွင်း ပြည်သူများကို ကားနံပါတ် စုံ၊ မ စနစ်ခွဲကာ အပြင်ထွက်ရန် ပြီးခဲ့သည့် မတ် ၇ ရက်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ သို့သော် စစ်ကော်မရှင် လက်အောက်ရှိ ဝန်ကြီးဌာနမှာမူ လေယာဉ်အသုံးပြု၍ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
