![]()
မူယန်း/မတ် ၅။ Photo-IEC
ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီဒေသတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မယ်စဲ့အကျဉ်းထောင် အမှတ် ၂ ကို ယနေ့ မတ် ၅ ရက်၊ ၁၁ နာရီခန့်တွင် စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရထားသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ ကနဦး သိရသည်။
“သေသွားတာ ထောင်သားတွေနဲ့ ထောင်မိသားစုဝင်တွေ ပါတယ်။ သေဆုံးတဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးလည်း ပါတယ်၊ ကရင်နီပြည်ရဲဌာနက တစ်ယောက်လည်း ပါတယ်လို့ ကြားပေမဲ့ အတည်မပြုနိုင်သေးဘူး ’’ ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သော အကျဉ်းသား ၈၀ ကျော် ထောင်ဖောက်ပြေး ဖြစ်စဉ်အတွင်း ပါဝင်သူများနှင့် ဆက်စပ်နေနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
ဇန်နဝါရီ ၁၈ ရက်၊ နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် ထိုထောင်ဖောက်မှုအတွင်း အကျဉ်းသား ၈၁ ဦး ထွက်ပြေးခဲ့ရာ ၅၉ ဦးမှာ စစ်သုံ့ပန်းများဖြစ်ပြီး ကျန်ရှိသူများမှာ တော်လှန်ရေးအင်အားစုအတွင်းသို့ ဘက်ပြောင်းခိုလှုံခဲ့သည့် ရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။
၎င်းတို့အနက် ၆၈ ဦးမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးဝင်ရောက်သွားခဲ့သော်လည်း ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့သည်။
ထွက်ပြေးသွားသည့် အကျဉ်းသား ၈၁ ဦးအနက် ၁၃ ဦးကိုသာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိသူများကို ရှာဖွေဖမ်းဆီးမှု ရပ်နားထားစဉ် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရခြင်းဖြစ်သည်။
#စစ်သုံ့ပန်း #ထောင်ဖောက်ပြေး #ကရင်နီ #မယ်စဲ့ထောင် #ဗုံးကြဲခံရ #ThanLwinKhetNews
