လက်နက်ကြီးကျရောက်မှုကြောင့် ဒီးမော့ဆို၌ ကလေးငယ် ၂ ဦး အပါအဝင်စစ်ရှောင်မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရ
*****************************
ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်၏ ညအချိန်မတော် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်မှုကြောင့် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၌ စစ်ရှောင်မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်၊ည ၈း၃၀ နာရီ အချိန်တွင် ဒီမောဆိုအရှေ့ဖက်ခြမ်း စစ်ဘေးရှောင်စခန်း တစ်ခုအား စစ်ကောင်းစီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင်း စစ်ဘေးရှောင်မိသားစု တစ်စုနေထိုင်သည့် နေအိမ်အား ထိမှန်သဖြင့် မိသားစုဝင် ၄ ဦးစလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများတွင်၂ နှစ်နှင့် ၅ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါဝင်ပြီး ကလေးငယ်များ၏ ဒဏ်ရာမှာ မစိုးရိမ်ရသော်လည်း ကလေးငယ်များ၏ မိခင်မှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီလူ့အခွင့်ရေးအဖွဲ့က ဖော်ပြထားသည်။
ကရင်နီပြည်တွင် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေရာ ယခုလ ၉ ရက်တွင် မိုးဗြဲမြို့ပွဲကုန်း ၁ ရပ်ကွက်ရှိ အဘိုးတစ်ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့သည်။
ထို့ပြင် ယခုလ ၁၆ ရက်၊ ညပိုင်းတွင်လည်း မိုးဗြဲရေကာတာရှိ (၄၂၂) တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိုးဗြဲ ဒေါက်ထိုးထန့် ကျေးရွာရှိ အသက်၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ အသက်၆၀အရွယ် အဘိုးတစ်ဦးနှင့် အသက်၂၀ ကျော်အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရရှိခဲ့သည်။