လေကြောင်း ထိုးစစ်ကြောင့် ကသာဒေသခံ တစ်သောင်းကျော် တိမ်းရှောင်နေရ
*********************
ဇန်နဝါရီ ၂၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ကို စစ်ကောင်စီလေတပ်က သုံးရက်ဆက်တိုက် လေကြောင်းသုံးထိုးစစ်ဆင်မှုကြောင့် ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
လူဦးရေ ၈၀၀၀ ခန့်ရှိသည့် မိုးဒါးလေးကျေးရွာနှင့် လူဦးရေ ၁၅၀၀ ကျော်ရှိသည့် ဆိပ်သာကျေးရွာအပါအဝင် နန့်စမ်းကျေးရွာနှင့် ဆင်ကုန်တိုင်ကျေးရွာမှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကာကွယ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
“ မိုးဒါးလေးကျေးရွာကတော့ သုံးပုံနှစ်ပုံလောက် ရှောင်ကြတယ်။ မြေနုရွာ၊ နန့်စမ်းနဲ့ ဆင်ကုန်တိုင်ဒေသခံတွေလည်းရှောင်ရတယ်။ လေယာဉ်နဲ့ ပစ်ခံရတဲ့ကျေးရွာနားက သူတွေ အားလုံး ထွက်ပြေးတိမ်းရှောင်နေရတာ ” ဟု ၎င်းက ပြောသည်
လေကြောင်းထိုးစစ်ဆင်မှုနှင့်အတူ စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း ခ.လ.ရ (၇၇) တပ်ဖွဲ့ဝင်များက ကျေးရွာရှိ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ လေယာဉ်ဗုံးကြဲလို့ ကျန်နေတဲ့အိမ်တွေကို မီးရှို့နေတာ။ မီးတောက်တွေကအစ ကျွန်တော်တို့မြင်နေရတယ်။ သက်ကြီးရွယ်အို အဖိုးအဖွားတချို့လည်း မပြေးဘဲ ကျန်နေခဲ့တာလည်းရှိတယ် ” ဟု ၎င်းက ပြောသည်။
အဆိုပါ ခြေလျင်စစ်ကြောင်းသည် တိုက်ကုန်းကျေးရွာက နေအိမ်များကို ယမန်နေ့မှစ၍ မီးရှို့ခဲ့ရာ နေအိမ် အလုံး ၃၀ ခန့် မီးလောင်ပျက်စီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲတိမ်းရှောင်နေကြသည့် ဒေသခံများတွင် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု စစ်ရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အမျိုးသမီး တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာရှိတယ်။ ညဘက်လေယာဉ်နဲ့ ဗုံးကိုအဆက်မပြတ် ကြဲတော့ ပြေးကြ၊ လွှားကြ၊ ရှောင်ကြရတာ။ ကျွန်မတို့လည်း ဝပ်နေရတယ်။ သူတို့က လူစုနေတာတွေ့ရင် ပစ်တယ် ” ဟု သူမက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းသုံး ထိုးစစ်ဆင်မှုကြောင့် ဇန်နဝါရီလ ၁၈ ရက်နေ့က မိုးဒါးလေးကျေးရွာရှိ ဒေသခံ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံးခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်သည် မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး အိမ်ထောင်စု သုံးသောင်းကျော်မှ လူဦးရေ နှစ်သိန်းခန့် နေထိုင်လျှက် ရှိသည်။
ပုံစာ – လေကြောင်း ထိုးစစ်ကြောင့် ပျက်စီသွားသည့် ကသာ ဒေသနေအိမ်များ မြင်ကွင်း။
Photo – Crd