အစမ်းခန့် ဒုဗိုလ်မှူးကြီးနှင့် တပ်ဖွဲ့ဝင်လေးဦး ပစ်ခတ် ဖမ်းဆီးခံရ
***********************
သံလွင်ခက်
ဇန်နဝါရီ ၂၃၊၂၀၂၃။
ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင် အပါအဝင် လေးဦးကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်လာသည်။
တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ(၂၂)ရက်နေ့ နေ့လယ်၂ နာရီခန့်က ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း၊ အမှတ်(၁)စစ်ဘက်ရေးရာလုံခြုံရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့နှစ်ဦးသည် UG များ၏ သတင်းကွင်းဆက်များကို စုံစမ်းကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
၎င်းတိုသည် မြေအောက်လှုပ်ရှားသူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများတွင် လှုပ်ရှားသူများထံမှ လက်နက်များ ၀ယ်ယူမည်ဟု အကြောင်းပြချိတ်ဆက်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ယင်းသို့လုပ်ဆောင်မှုများကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်း အတိုင်းထွက်ခွါလာသော ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်ကို YUA အဖွဲ့၏ သတင်းအချက်အလက်ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် ဗိုလ်မှူးသန်းထွဋ်ဦးနှင့် တပ်ကြပ်ကြီးမြင့်အောင်က အသင့်ပါလာသည့် လက်နက်များဖြင့် ပြန်လည်ခုခံသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ ၎င်းတို့(၂)ဦးသည် နေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ဆက်တည်းတွင် ၎င်းတို့ နှစ်ဦးနှင့် အတူလိုက်ပါလာသည့် အမျိုးသားနှစ်ဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်လာစဉ် လက်နက်အား လုယူထွက်ပြေးရန်ကြိုးစားသည့်အတွက် ပစ်ခတ်ဖမ်းစီးရာမှသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့ နှင့်အတူ ၉ မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။