တော်လှန်ရေးအဖွဲ့အမည်ခံ ခြိမ်းခြောက်ငွေညှစ်တောင်းခံသူအား ဖမ်းဆီး
*******************
ဇန်နဝါရီ ၂၃၊ ၂၀၂၃။
မွန်ပြည်နယ်၊ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေညစ်တောင်းခံနေသူအား စုံစမ်းဖမ်းဆီးနိုင်ခဲ့သည်ဟု Ye Defense Force YDF တာဝန်ခံမှတဆင့် သိရသည်။
YDF အမည်ခံ၍စီးပွားရေးလုပ်ငန်းရှင်များကို ဖုန်းဆက်ငွေညစ်တောင်းခံနေသည်ကို ကြားသိရသဖြင့် YDF အဖွဲ့မှ စုံစမ်းဖော်ထုတ်ပြီး ခိုင်မာသော သက်သေအထောက်အထားများ ရရှိသောကြောင့် ဗိုလ်သေမင်းအမည်ရှိ Facebook Account ပိုင်ရှင်အား ဖမ်းဆီးခဲ့သည်ဟု YDF တာဝန်ခံက သံလွင်ခက်ကို ပြောသည်။
” သူက အရင်က တော်လှန်ရေးရဲဘော်ဖြစ်ခဲ့ဖူးတယ်။ သူ့မိသားစုနဲ့ သူ့သိက္ခာကို မထိခိုက်စေချင်တဲ့အတွက် နာမည်အရင်းတော့မထုတ်ပြန်ထားတာပါ ” ဟု ၎င်းက ပြောသည်။
အဆိုပါ ငွေညှစ်တောင်းခံသူအား KNU တပ်မဟာ၆ တပ်ရင်း ၁၆ နယ်မြေအတွင်းရှိ ရွာတစ်ရွာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ WY အမှတ်တံဆိပ်ပါ မူးယစ်ဆေးဝါးအလုံး ၁၃၈လုံး၊ ice (အိုက်စ်)အအေးပိုက်နှစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
” ဖမ်းမိခဲ့တာတော့ ၄၊ ၅ ရက်လောက်ရှိပြီ ကျွန်တော်တို့ဆီမှာ ၂ ရက်လောက်ချုပ်တယ် ပြီးတော့ KNUဆီအပ်လိုက်တယ်။ အရေးယူဖို့ အကြီးအကဲတွေပဲဆက်လက်တာဝန်ယူထားပါတယ် ” ဟု YDF တာဝန်ခံက ပြောသည်။
ထို့အပြင် Ye Defence Force (YDF) အနေဖြင့် တော်လှန်ရေးကို အကြောင်းပြုကာ မိဘပြည်သူများထံမှ ငွေကြေးခြိမ်းခြောက်တောင်းခံခြင်းမရှိဟုလည်း အသိပေးထုတ်ပြန်ထားသည်။