![]()
သံလွင်ခက်/မတ် ၂။ Photo crd – Thai PBS World
အရှေ့အလယ်ပိုင်းဒေသရှိ အီရန်နှင့် အစ္စရေးတို့ကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ အတက်ဘက်သို့ ဦးတည်နိုင်သော်လည်း ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၆၁ ရက်စာ (နှစ်လခန့်) အတွက် ဖူလုံသော စွမ်းအင်အရန်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံ၏ လက်ရှိ စွမ်းအင်သိုလှောင်ထားမှု အခြေအနေနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဝီရာဖတ် ကီယတ်ဖွန်းဖူးက အတည်ပြုပြောရာတွင် ပြည်တွင်း၌ ရက်ပေါင်း ၃၈ ရက်စာအတွက် ရေနံစိမ်းနှင့် စက်သုံးဆီ လီတာ ၄.၉၂၅ ဘီလီယံကို အရန်သိုလှောင်ထားရှိပြီးဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် အီရန်နှင့် ယူအေအီးကြားရှိ ဗျူဟာမြောက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလာခဲ့ပြီးဖြစ်သည့် ရေနံတင်သင်္ဘောများပေါ်တွင်လည်း ရေနံစိမ်း လီတာ ၁.၇၄၆ ဘီလီယံ (၂၃ ရက်စာ) ရှိနေသဖြင့် စုစုပေါင်း ရေနံလီတာ ၆.၇၉၅ ဘီလီယံအထိ ရှိနေပြီဖြစ်သည်။ ယင်းပမာဏမှာ ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို စုစုပေါင်း ၆၁ ရက်အထိ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
အီရန်အနေဖြင့် အစ္စရေးနှင့် ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ကမ္ဘာ့ရေနံတင်ပို့မှု လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် ကြိုးပမ်းလာနိုင်သည့်အပေါ် စိုးရိမ်မှုများရှိနေသည်။ ထိုသို့ ပိတ်ဆို့မှုဖြစ်ပွားပါက ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာနိုင်သဖြင့် ထိုင်းအစိုးရအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ရိုက်ခတ်မှုများကို လျှော့ချနိုင်ရန် ကြိုတင်ကာကွယ်ရေး အစီအမံများ ချမှတ်ထားကြောင်း သိရသည်။
လက်ရှိ မတ်လအတွက် လိုအပ်သော အရည်ပျော်သဘာဝဓာတ်ငွေ့ (LNG) သင်္ဘော လေးစီးအနက် နှစ်စီးမှာလည်း အဆိုပါ စိုးရိမ်ရသည့် ရေလက်ကြားကို ကျော်ဖြတ်လာခဲ့ပြီးဖြစ်ကြောင်း ဝီရာဖတ်က ဖြည့်စွက်ပြောခဲ့သည်။
Ref: Thai PBS World
