![]()
မူယန်း/မတ် ၂။ ဓါတ်ပုံ – သံလွင်ခက်

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းရှိ သေ့ဘောဘိုးဒေသစစ်ရှောင်များတွင် နိုင်ငံတကာနှင့် ပြည်တွင်း အထောက်အပံ့များ ပြတ်တောက်နေသည်မှာ (၃) လခန့်ရှိပြီ ဖြစ်သဖြင့် အခြေခံစားသောက်ကုန်များ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု သိရသည်။
အဆိုပါ စစ်ရှောင်များတွင် အိမ်ထောင်စု ၆၄ စု၊ လူဦးရေ ၂၃၀ ဝန်းကျင် ခိုလှုံနေထိုင်လျက်ရှိပြီး ၎င်းတို့အနက် အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး ကလေးငယ်ဦးရေမှာ ၅၀ ခန့်ရှိသည်။
အလုပ်အကိုင်ရှားပါးမှုနှင့် ရိက္ခာပြတ်လပ်မှုကြောင့် စစ်ရှောင်များမှာ နေ့စဉ် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရသည်ဟု အဆိုပါ စစ်ဘေးရှောင်များက ပြောသည်။

ဓါတ်ပုံ – သံလွင်ခက်
“ဆန်၊ ဆီ၊ ဆားတွေ အဓိက လိုအပ်နေတာပေါ့လေ။ အရင်တုန်းကဆို ဟင်းမရှိရင် ဆားလေးနဲ့ နယ်စားလိုက်။ ငရုတ်သီးမုန့်လေးနဲ့ ဆားကို ရေနွေးလေးဖျော်ပြီး ဟင်းရည်လေးလုပ်ပြီး စားလိုက်တာပဲ” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သံလွင်ခက်သို့ ပြောသည်။
ဒေသတွင်းတိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အလုပ်အကိုင်များရှားပါးသည့်အပြင် ရာသီအလုပ်ဖြစ်သော ပြောင်းချိုးအလုပ်ကိုလည်း နေ့စဉ် ပုံမှန်ရရှိရန် ခဲယဉ်းကြောင်း သိရသည်။
“အသက်လည်း ၅၀ ကျော်လာတော့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူးလေ။ တောင်က မြင့်ပြီးစောင်းတော့ ပိုဆိုးတာပေါ့။ တစ်ခါတလေ နေ့စားအလုပ်ခေါ်ရင် တချို့က တောင်ပေါ်မှာ ပြောင်းလိုက်ချိုးကြတယ်။ တစ်အိတ် ၆ ဘတ်ရတယ်လေ။ ၁၀ အိတ်ရရင် ၆၀ ပေါ့။ ဒီလိုပဲ လုပ်ကြတာပေါ့လေ” ဟု အခြား စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
စားနပ်ရိက္ခာ ခက်ခဲသည့်အပြင် သောက်သုံးရေ ဝယ်ယူရန် ငွေကြေးမတတ်နိုင်သဖြင့် နယ်စပ် သောင်းရင်းမြစ်ရေကိုသာ အဓိကထား သုံးစွဲနေရပြီး မြစ်ရေမသန့်ရှင်းမှုကြောင့် အရေပြားယားယံသည့် ရောဂါများကိုပါ ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။ ထို့ပြင် မိုးရာသီရောက်ပါက သောင်းရင်းမြစ်ရေမှာ တောင်ကျရေဖြစ်သဖြင့် သောက်သုံးရေအခက်အခဲများ၊ အမိုးအကာအခက်အခဲများပါ နှစ်စဉ်ရင်ဆိုင်ကြရသည်ဟု ပြောဆိုသည်။

ဓါတ်ပုံ – သံလွင်ခက်
အဆိုပါ သေ့ဘောဘိုးစစ်ရှောင်များသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ပွားခဲ့သော လေးကေ့ကော်ဒေသတိုက်ပွဲများကြောင့် လေးကေ့ကော်အနီးတဝိုက်နှင့် ရသေ့ဂူဒေသမှ စတင်တိမ်းရှောင်လာခဲ့ကြသူများဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း နေရပ်သို့ ၆လခန့် ပြန်လည်နေထိုင်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်များက အာရှလမ်းမှ တဆင့် ပြန်လည်စစ်ကြောင်းထိုးလာသဖြင့် ဒုတိယအကြိမ် ပြန်လည်တိမ်းရှောင်လာခဲ့ကြရခြင်း ဖြစ်သည်။
ယခုကဲ့သို့ နယ်စပ်ဒေသရှိ စစ်ရှောင်များ ရိက္ခာပြတ်တောက်သွားခြင်းမှာ နိုင်ငံတကာအထောက်အပံ့များ လျော့ကျသွားခြင်းနှင့်သက်ဆိုင်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီလုပ်ဆောင်သူများက ပြောဆိုသည်။


ဓါတ်ပုံ – သံလွင်ခက်
#သေ့ဘောဘိုးစစ်ရှောင် #ရိက္ခာပြတ်လပ် #ဆား #ငရုတ်သီး #အားထားနေရ #ThanLwinKhetNews
