![]()
နှောင်း/မတ် ၂။ Photo crd – PPNM
စစ်ကော်မရှင်က လွှတ်တော်သစ် မခေါ်ယူမီကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၇,၀၀၀ ကျော် အပါအဝင် စုစုပေါင်း အကျဉ်းသား ၉,၀၀၀ ကျော်ကို ယနေ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာလိုက်သည်။
သို့သော် အဆိုပါအရေအတွက်အတိုင်း လက်တွေ့လွတ်မြောက်မှု ရှိ၊ မရှိကို အထူးစောင့်ကြည့်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတိပေးပြောသည်။
ယခုအကြိမ် လွတ်ငြိမ်းခွင့်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-ည နှင့် ၅၂-က တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၇,၃၃၇ ဦး ပါဝင်ပြီး ၎င်းပမာဏသည် အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုနှုန်း၌ အများဆုံးဖြစ်သည်။
PPNM ၏ ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ယခုလုပ်ရပ်သည် မတ်လအတွင်း ဖွဲ့စည်းရန် ပြင်ဆင်နေသည့် အစိုးရသစ်အတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းသည့် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း ဝေဖန်သည်။
“ဒါကတော့ စစ်တပ်ပြောတဲ့ ခုနစ်ထောင်ကျော်ပေါ့၊ ခုနစ်ထောင်ကျော်သာဖြစ်တယ်ဆိုရင် အများဆုံးလွှတ်ပေးတဲ့ လွတ်ငြိမ်းတစ်ခုဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘယ်လောက်လွတ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု ၎င်းက သံလွင်ခက်ကို ပြောသည်။
၎င်းက ဆက်ပြီး “မတ်လအတွင်းမှာ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အစိုးရအသစ်အတွက် နိုင်ငံတကာအမြင်တွေ အပြုသဘောဆောင်လာအောင် လုပ်ဆောင်ချက်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ယနေ့ နေ့လယ်ပိုင်းမှစ၍ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ စတင်ထွက်ခွာနေပြီ ဖြစ်သော်လည်း ကြေညာထားသည့် နိုင်ကျဉ်းအရေအတွက် အပြည့်အဝ လွတ်မြောက်ခြင်း ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးပေ။
ယခင် လွတ်ငြိမ်းခွင့်များတွင်လည်း ကြေညာသည့် အရေအတွက်နှင့် လက်တွေ့လွတ်မြောက်သူ အရေအတွက် ကွာဟခြင်း၊ လွတ်မြောက်ပြီးပြီးချင်း ထောင်အဝတွင် ပြန်လည်ဖမ်းဆီးခံရခြင်းများ ရှိခဲ့ဖူးကြောင်း စောင့်ကြည့်လေ့လာသူများက ထောက်ပြကြသည်။
လက်ရှိတွင် အကျဉ်းထောင်အသီးသီး၌ မိသားစုဝင်များ လာရောက်စောင့်ဆိုင်းနေကြသော်လည်း အကျဉ်းဦးစီးဌာနဘက်က တရားဝင်အမည်စာရင်းများကို ထုတ်ပြန်ခြင်း မရှိသေးပေ။
“လက်ရှိက ပုဒ်မတွေက မတူတော့ သက်ဆိုင်ရာထောင်အလိုက် ခွဲပြီး အသုတ်လိုက်လွှတ်နေတာပေါ့နော်၊ ဒီတစ်ခေါက်က လွှတ်တာများတဲ့အတွက် ထောင်ဆူပူမှုတွေ၊ အပြင်မှာ ဆူပူမှုတွေ ဖြစ်မှာစိုးလို့နဲ့တူပါတယ်” ဟု အကျဉ်းသားများ လွတ်မြောက်မှု အခြေအနေနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှုကွန်ရက်မှ မယုမိစံက သံလွင်ခက်ကို ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ယခုနှစ် ဖေဖော်ဝါရီလစာရင်းများအရ အာဏာသိမ်း ၅နှစ်ကျော်ကာလအတွင်း လွတ်မြောက်လာသူ အကျဉ်းသားဦးရေ ၇၇၁၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။
#၅နှစ်အတွင်း #နိုင်ကျဉ်း #လွတ်ငြိမ်းခွင့်ပေး #PPNM #စောင့်ကြည့် #ThanLwinKhetNews
