![]()
နှောင်း/မတ် ၃။ Photo Crd-STGU
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ စန်းရန် အောက်ဒိုး ကုမ္ပဏီလီမိတက် အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များအကြား လုပ်ငန်းခွင်အခွင့်အရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုကို ယနေ့ မတ် ၃ ရက် မွန်းလွဲ ၂ နာရီတွင် စက်မှုဇုန်ရုံး၌ (၆) ကြိမ်မြောက်အဖြစ် ဆက်လက်ပြုလုပ်ကြောင်း သိရသည်။
အဆိုပါစက်ရုံမှ အလုပ်သမား ၇၀၀ ကျော်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ အခြေခံ နေ့စားကြေး ၁၂,၅၀၀ ကျပ်နှင့် အခြားခံစားခွင့်များ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၄ ရက် ညှိနှိုင်းမှုတွင် စက်ရုံမန်နေဂျာဘက်က အခြေခံလစာတိုးပေးမည့်အစား တစ်ရက်လျှင် မုန့်ဖိုးအဖြစ် ၁၀၀ ကျပ်သာ တိုးပေးမည်ဟု ပြောဆိုခဲ့မှုကြောင့် အခြေအနေများ ပိုမိုတင်းမာခဲ့သည်။
သို့သော်လည်း ဖေဖော်ဝါရီ ၂၇ ရက် ညှိနှိုင်းမှုတွင် နေ့စဉ်လုပ်ခလစာ (ဒေးကြေး) ကို ၁၂,၅၀၀ ကျပ်အဖြစ် သတ်မှတ်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့သည်။

ပုံစာ-စန်းရန်စက်ရုံရှေ့ ၇ရက်မြောက် အလုပ်သမားများ တောင်းဆိုနေကြစဥ် Photo Crd-STGU
လက်ရှိတွင် အလုပ်ပိတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များအတွက် ခံစားခွင့်ပေးရမည့် လုပ်ခလစာပမာဏအပေါ် ညှိနှိုင်းမှု မပြေလည်သေးဘဲ ဖြစ်နေသည်။
“ပိတ်ရက်ကို အစက တစ်သောင်းပေးတာ အခု ၇,၈၀၀ ကျပ်ပဲ ပေးတာကို ပြန်ညှိကြမှာပါ။ ဒီနေ့ညှိနှိုင်းတာအပါအဝင် စက်ရုံမှာ သုံးကြိမ်၊ စက်မှုဇုန်မှာ သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ်ရှိပါပြီ” ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) – STUM တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်းအထိ အလုပ်သမား ၂၀၀ ဝန်းကျင်မှာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သွားကြသော်လည်း၊ ကျန်ရှိသည့် အလုပ်သမား ၄၀၀ ခန့်မှာမူ ၎င်းတို့၏ တောင်းဆိုချက်များ မပြည့်စုံသေးသဖြင့် လုပ်ငန်းခွင်မဝင်ဘဲ စုပေါင်းတောင်းဆိုမှုကို ဆက်လက်လုပ်ဆောင်နေကြသည်။
လက်ရှိရရှိထားသည့် သဘောတူညီချက်များအရ နေ့စဉ်ကြေး ၁၂,၅၀၀ ကျပ်အပြင်၊ အချိန်ပိုကြေး (OT) တစ်နာရီလျှင် ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေး တစ်လလျှင် ၂၅,၀၀၀ ကျပ်နှင့် တစ်ဝက်ပျက်ပါက ၁၂,၅၀၀ ကျပ် ပေးချေရန် ပါဝင်သော်လည်း အလုပ်ပိတ်ရက် ခံစားခွင့် ၇,၈၀၀ ကျပ် ဖြစ်နေသည့်အပေါ် ယနေ့ဆွေးနွေးပွဲတွင် အဓိကထား ညှိနှိုင်းသွားမည်ဖြစ်သည်။
စန်းရန် အောက်ဒိုး အထည်ချုပ်စက်ရုံသည် ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ သိမ်ကျောင်းလမ်းတွင် တည်ရှိပြီး Sinsay နှင့် SNSY OUTWEAR ကဲ့သို့ နာမည်ကြီး အမှတ်တံဆိပ်များကို ချုပ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သည်။

ပုံစာ-စန်းရန်စက်ရုံရှေ့ ၇ရက်မြောက် အလုပ်သမားများ တောင်းဆိုနေကြစဥ်
Photo Crd-STGU
#စန်းရန်စက်ရုံ #ဒေးကြေးပြေလည် #ပိတ်ရက်ကြေး #ယနေ့ထပ်ညှိ #ThanLwinKhetNews
