![]()
သံလွင်ခက်/မတ် ၂။ ပုံ – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
တော်လှန်ရေး အင်အားစုအချင်းချင်းအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို လက်နက်အင်အားသုံး ဖြေရှင်းခြင်းသည် ဘုံရန်သူ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်သာ အကျိုးပြုလိမ့်မည်ဖြစ်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) က ယနေ့ ထုတ်ပြန်သည်။
၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေး သမိုင်းစဉ်တစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ခဲ့မှုများကြောင့် ရဲဘော်များစွာ အသက်စွန့်ခဲ့ရသည့် “သွေးနှင့်ရင်းသော သင်ခန်းစာ” ကို သင်ယူရန် လိုအပ်ကြောင်း ဗကပ ဗဟိုစည်းရုံးရေးကော်မတီက ထောက်ပြထားသည်။
မျက်မှောက်ကာလ တော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားနေသော ပဋိပက္ခများသည် “မိတ်ဖက်ပဋိပက္ခ” သို့မဟုတ် “ပြည်သူတွင်းပဋိပက္ခ” သာ ဖြစ်သည့်အတွက် ရန်-ငါ ပဋိပက္ခကဲ့သို့ လက်နက်စွဲကိုင် ဖြေရှင်းခြင်းကို ဗကပ က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြသည်။
ရန်သူပျောက်ပြီး တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း သေနတ်ပြောင်းလှည့် တိုက်ခိုက်ခြင်းသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့သာ ဖြစ်စေလိမ့်မည်ဟု သတိပေးထားသည်။
လက်ရှိတွင် မတူကွဲပြားသော လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်း၍ ဘုံရန်သူကို တိုက်ခိုက်ရာတွင် အောင်ပွဲများ အသီးသီးရရှိနေပြီး ထိုတိုက်ပွဲများမှတဆင့် “ကြီးမားသော ပြည်လုံးဆိုင်ရာ တပ်ပေါင်းစု” တစ်ရပ် ပေါ်ပေါက်လာစေရန် အခြေခံ တည်ဆောက်သွားကြရန်လည်း လှုံ့ဆော်ထားသည်။
နိုင်ငံတကာ အခင်းအကျင်းတွင် နိုင်ငံကြီးများ၏ ဗိုလ်ကျစိုးမိုးမှုကြောင့် ကမ္ဘာကြီး မတည်မငြိမ်ဖြစ်နေချိန် မြန်မာ့တော်လှန်ရေးအတွက် စုစည်းညီညွတ်မှုမှာ ခါတိုင်းထက် ပိုမိုအရေးကြီးကြောင်း၊ “ဒုတိယရန်သူ” မမွေးဘဲ ဘုံရန်သူကိုသာ စိတ်မထွေပြားဘဲ ဦးတည်တိုက်ခိုက်ကြရန် ဗကပ က တိုက်တွန်းသည်။
ရန်သူ့ထံ အညံ့ခံခြင်း သို့မဟုတ် လက်နက်ချခြင်း ပြုလုပ်သည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို “တော်လှန်ရေးအတွင်းမှ ပေါ်ထွက်လာသည့် အညစ်အကြေး အမဲကွက်များ” ဟုသာ ရှုမြင်ကြောင်း ဗကပ က ဆိုသည်။
စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ကို အမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ မလျှော့သော ဇွဲဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီက ကတိပြု ပြောကြားခဲ့သည်။
မကြာသေးမီကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နယ်မြေအငြင်းပွားမှုများနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ အချို့အကြား ဖြစ်ပွားခဲ့သော ပွတ်တိုက်မှုများအပြီးတွင် ဗကပ၏ ယခုသဘောထား ထွက်ပေါ်လာခြင်းဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ၌ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို အသစ်တဖန် ပြန်လည်ဖွဲ့စည်းခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လက်နက်တပ်ဆင်ပေးမှုဖြင့် စတင်ခဲ့သော PLA သည် လက်ရှိတွင် စစ်ကိုင်းတိုင်း၌ အမှတ် (၁) စစ်ဒေသ အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၌ အမှတ် (၉) စစ်ဒေသ အဖြစ်လည်းကောင်း အခြေစိုက်လှုပ်ရှားလျက်ရှိသည်။
အထူးသဖြင့် ညီနောင်မဟာမိတ်များ၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း သိန္နီနှင့် ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး၊ ယခုအခါ တနင်္သာရီတိုင်းဒေသကြီးအထိပါ မဟာမိတ်များနှင့်အတူ စစ်ရေးခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေသည်။
ပုံစာ- ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၈၆ နှစ်ပြည့် အခမ်းအနား/ အနောက်မြောက်စစ်ဒေသ/ ၂၀၂၅/ ဩဂုတ်
#မိတ်ဖက်ပဋိပက္ခ #အင်အားသုံးဖြေရှင်း #စစ်အာဏာရှင် #သက်ဆိုးရှည် #ဗကပ #သတိပေး #ThanLwinKhetNews
