![]()
ထိုင်း – မြန်မာနယ်စပ်သို့ ရောက်ရှိနေသော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ (Mr. Liu Zhongyi)သည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့မှတဆင့် KK Park နှင့် ရွှေကုက္ကိုလ်မြို့များသို့ သွားရောက်ကာ ထိန်းသိမ်းထားသော တရုတ်ကျားဖြန့်လုပ်သားများနှင့်တွေ့ဆုံခဲ့သည်ဟု နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံအစည်းအဝေးသို့ တက်ရောက်လာသော မစ္စတာလျိုကျုံးရိသည် ဒီဇင်ဘာ ၁၄ ရက်(ယမန်နေ့)က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းတွင် မြန်မာဘက်ခြမ်းရှိ မြဝတီမြို့သို့ သွားရောက်ခဲ့သည်။
မစ္စတာလျိုကျုံးရိသည် မဲဆောက်မြို့မှတဆင့် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဖြတ်သန်းပြီဂနောက် မြန်မာ၊ ထိုင်း၊ တရုတ် သုံးနိုင်ငံ တာဝန်ရှိသူများနှင့်အတူ မြဝတီမြို့ တောင်ဘက်ရှိ KK Park အတွင်းမှ ကျားဖြန့်ရုံများ ဖောက်ခွဲဖျက်ဆီးထားသည့် နေရာများကို သွားရောက်ခဲ့သည်။
“အခုက KK Park မှာ ကျားဖြန့်တိုက်ခန်းတွေကို ဖျက်ဆီးထားတာက ပြီးလုနီးပါးရှိနေပြီ။ အဲဒါကို တရုတ်လက်ထောက်ဝန်ကြီးက လိုက်ကြည့်ပြီးတော့ အားလုံး ဖျက်ဆီးပြီးတဲ့ အချိန်ကျမှပဲ နောက်ထပ်တစ်ခေါက် ပြန်လာကြည့်မယ်လို့ ပြောဆိုခဲ့ပါတယ်” ဟု အဆိုပါလုပ်ငန်းခွင်များသို့ လိုက်ပါခဲ့သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းနောက်ပိုင်းတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့အပါအဝင် သုံးနိုင်ငံအဖွဲ့သည် မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုမြို့၊ ရွှေပဒေသာဆိုင်တွင် နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။
ယင်းနောက်ပိုင်းတွင် မစ္စတာလျိုကျုံးရိအဖွဲ့သည် ရွှေကုက္ကိုမြိုင်အတွင်းရှိ တရားမဝင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တိုက်တန်းများသို့ ဆက်လက်သွားရောက်ခဲ့သည်။
မစ္စတာလျိုကျုံးရိသည် ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော တရားမဝင် နိုင်ငံခြားသားများ (အထူးသဖြင့် တရုတ်နိုင်ငံသားများ)၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအခြေအနေများကို BGF ဦးဆောင်သူများနှင့်အတူ တွေ့ဆုံမေးမြန်းခဲ့သည်။
မစ္စတာလျိုကျုံးရိ၏ မြဝတီခရီးစဉ်အဆုံးတွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား၌ မြန်မာ၊ ထိုင်း၊ တရုတ် (၃) နိုင်ငံ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ပပျောက်ရှင်းလင်းရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
တရုတ်လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိသည် ဤခရီးစဉ်မတိုင်မီ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ စစ်အုပ်စု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တွေ့ဆုံခဲ့ပြီး၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် မဲဆောက်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရုတ်ဝန်ကြီးခရီးစဉ်နှင့် တိုက်ဆိုင်စွာပင် စစ်အုပ်စုက တော်လှန်ရေးအဖွဲ့အစည်းများအား ပုံဖျက်သည့် အမေးအဖြေများဖြင့် ယမန်နေ့ (ဒီဇင်ဘာ ၁၄) က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းရှင်းလင်းပွဲတွင် စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မင်းလက်ပံဒေသ ကျားဖြန့်နှိမ်နင်းရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍
“မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့ လုပ်ကွက်တစ်ခုပဲ ဖြစ်ပါတယ်” ဟု စွပ်စွဲပြောဆိုခဲ့သည်။

ထို့အပြင် KNU သည် နိုင်ငံတော်အစိုးရ၏ အွန်လိုင်းလိမ်လည်မှုနှိမ်နင်းရေးကို အာရုံပြောင်းရန်နှင့် ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေမှုကို ဖုံးကွယ်ရန် ဟန်ပြလုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထိုးနှက်တိုက်ခိုက် ပြောဆိုခဲ့သည်။
မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာရှိ DKBA တပ်ဖွဲ့ဝင်များ အကာအကွယ်ပေးထားသော နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက် တွင် KNUက ဝင်ရောက်စီးနင်းထိန်းချုပ်နိုင်ခဲ့သည်။
KNU ၏ ထုတ်ပြန်ချက်များ အရ အဆိုပါဝင်းအတွင်းရှိ အဆောက်အဦးများတွင် ငွေလိမ်လုပ်ငန်းသုံး ကွန်ပျူတာနှင့် ဖုန်းအလုံးရေ သောင်းချီအပြင် ညှဉ်းပန်းနှိပ်စက်ခန်းများကိုပါ တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
ထိုအပြင် နိုင်ငံခြားသားများအပါအဝင် လူဦးရေ ၂,၀၀၀ ခန့်ကို စိစစ်နိုင်ခဲ့သော်လည်း စုံစမ်းဖော်ထုတ်နိုင်ရန်နှင့် အပြီးသတ်ရှင်းလင်းနိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ အရေးပေါ်လိုအပ်နေသည်ဟု KNU က တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ မင်းလက်ပံဒေသရှိ Shunda Park သည် ယနေ့ တရုတ်ဝန်ကြီးသွားရောက်ခဲ့သော KK Park နှင့် ၆ ကီလိုမီတာ(လေးမိုင်)ခန့်အကွာတွင် တည်ရှိသည်။
ဓါတ်ပုံ – ပေးပို့
#တရုတ်ကျားဖြန့်လုပ်သား #KKPark #ရွှေကုက္ကိုလ် #တရုတ်ဝန်ကြီးသွားရောက်တွေ့ဆုံ #ThanLwinKhetNews
