![]()
သံလွင်ခက်/မတ် ၂ ။
တရုတ်နိုင်ငံတွင် အိမ်ထောင်သည်ဘဝ၏ ပင်ပန်းခက်ခဲမှုကို ဟာသနှော၍ ဝေဖန်ပြောဆိုခဲ့သည့် ဝီဂါလူမျိုး အမျိုးသမီး ဟာသပညာရှင် ရှောင်ပါ (Xiao Pa) သည် အစိုးရ၏ ဆိုက်ဘာတားဆီးပိတ်ပင်မှုကို ခံလိုက်ရသည်ဟု တရုတ်အခြေစိုက် သတင်းစာများက ဖော်ပြသည်။
၎င်း၏ ဟာသပြက်လုံးသည် တရုတ်အစိုးရ၏ လက်ရှိကျင့်သုံးနေသော ကလေးမွေးဖွားနှုန်း မြှင့်တင်ရေးမူဝါဒကို ဆန့်ကျင်ရာရောက်သည်ဟု ယူဆရသည့်အတွက် ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ရှောင်ပါသည် တရုတ်နိုင်ငံ၏ အကြီးဆုံးဆိုရှယ်မီဒီယာဖြစ်သည့် Weibo ပေါ်တွင် သူမ၏ အတွေ့အကြုံတစ်ခုကို ဟာသနှော၍ ရေးသားခဲ့သည်။
“နေမကောင်းလို့ အိမ်မှာ နှစ်ရက်တောင် အိပ်ရာထဲ လဲနေတာ။ တကယ်လို့သာ ငါ့မှာ လင်ရယ်၊ သားသမီးရယ် ရှိနေကြည့်ပါလား… ဖျားနေတာတောင် အသာလေး နားနေရမှာ မဟုတ်ဘူး၊ နံရံကို လက်နဲ့တွားပြီး ထရဦးမယ်၊ ပြီးရင် သူတို့စားဖို့ သွားချက်ပေးနေရဦးမှာ။”
အဆိုပါ ရေးသားချက်သည် အိမ်ထောင်သည်အမျိုးသမီးများ၏ ဝန်ထုပ်ဝန်ပိုးကို ရောင်ပြန်ဟပ်နေသဖြင့် အွန်လိုင်းအသုံးပြုသူများအကြား ရေပန်းစားခဲ့သော်လည်း အာဏာပိုင်များအတွက်မူ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
Weibo အုပ်ချုပ်မှုအဖွဲ့၏ ထုတ်ပြန်ချက်အရ ရှောင်ပါ၏ အကောင့်သည် “မကောင်းသော စိတ်ခံစားချက်များကို တမင်တကာ လှုံ့ဆော်ခြင်း” နှင့် အိမ်ထောင်မပြုရန် သို့မဟုတ် သားသမီးမယူရန် စသည့် “ကျန်းမာရေးနှင့်မညီညွတ်သော” တန်ဖိုးထားမှုများကို ပြန့်ပွားစေသည်ဟု ဆိုကာ အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်း၏ ရေးသားချက်သည် လိင်ကွဲပြားမှုအပေါ် အခြေခံသည့် ပဋိပက္ခများကို မီးထိုးပေးနေသည်ဟုလည်း အစိုးရဘက်က စွပ်စွဲထားသည်။
ယခုအရေးယူမှုသည် တရုတ်နှစ်သစ်ကူးကာလအတွင်း ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် သန့်စင်ရေးစီမံချက်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
တရုတ်နိုင်ငံသည် လက်ရှိတွင် လူဦးရေကျဆင်းမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၂၀၂၅ ခုနှစ်တွင် လေးနှစ်ဆက်တိုက် လူဦးရေ လျော့နည်းလာခဲ့သည်။
အစိုးရက ငွေကြေးထောက်ပံ့မှုများပေးကာ ကလေးမွေးဖွားရန် တိုက်တွန်းနေသော်လည်း စီးပွားရေးကျပ်တည်းမှုနှင့် လူငယ်အလုပ်လက်မဲ့နှုန်း မြင့်မားမှုတို့ကြောင့် လူငယ်အများစုမှာ အိမ်ထောင်ပြုရန် ဝန်လေးနေကြသည်။
ယခုကဲ့သို့ ရှောင်ပါကို အရေးယူလိုက်ခြင်းသည် အစိုးရ၏ မူဝါဒကို ထိခိုက်စေမည့် မည်သည့် ဝေဖန်ပြောဆိုမှုကိုမဆို ခွင့်လွှတ်မည်မဟုတ်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
သို့သော်လည်း အွန်လိုင်းအသုံးပြုသူ အများအပြားကမူ သူမသည် “လက်တွေ့ဘဝ အမှန်တရားကိုသာ ရိုးရိုးသားသား ပြောဆိုခဲ့ခြင်းဖြစ်သည်” ဟု ဆိုကာ ရှောင်ပါဘက်က ခုခံကာကွယ် ပြောဆိုနေကြဆဲ ဖြစ်သည်။
Ref : South China Morning Post , Japan Wire
#အိမ်ထောင်ရေးပြက်လုံး #ဝီဂါဟာသပညာရှင် #ရှောင်ပါ #ဆိုရှယ်မီဒီယာအသုံးပြုခွင့် #ပိတ်ခံရ #ThanLwinKhetNews
