![]()
အက်သားရီ/ဖေဖော်ဝါရီ ၂၈။
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်ကောင်မရှင်လက်အောက်ခံ ကံတလူးတိုးဂိတ်ကို လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ သေဆုံးထိခိုက်မှုများ ရှိနိုင်ကြောင်း သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ညနေ ၄ နာရီ ၁၈ မိနစ်အချိန်တွင် လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့က ကံတလူးတိုးဂိတ်ကို လုံခြုံရေးပေးနေသည့် စစ်တပ် အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
“စစ်တပ်ဘက်မှာ ကျဆုံး အရေအတွက်တော့ အတည်မပြုနိုင်ဘူးဗျ၊ ထိခိုက်ကတော့ သေချာပေါက် ရှိတယ်” ဟု လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲအတွင်း လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့မှ ဒရုန်းအပြင် ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင် တပ်သားများ နေရာယူထားသော ဘန်ကာများအနီးနှင့် ရွှေတောင်ရုံးဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဂိတ်သည် ခရီးသွားပြည်သူများထံမှ အဓမ္မ ငွေကြေးကောက်ခံခဲ့သောကြောင့် လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့နှင့် မဟာမိတ်အင်အားစုက ဇန်နဝါရီ ၁၅ ရက်က တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ဆေးရေးဂိတ်ကိုလည်း ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုအပြီးတွင် ကံတလူးတိုးဂိတ် တာဝန်ရှိသူများက စစ်ကော်မရှင်တပ်နှင့် ညှိနှိုင်းပူးပေါင်းကာ လုံခြုံရေးယူစေပြီး ပြည်သူလူထုအပေါ် ထပ်မံ အဓမ္မ ငွေကြေးကောက်ခံသောကြောင့် လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ကလည်း ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိ ကံတလူးတိုးဂိတ်တွင် ငွေကြေးကောက်ခံမှုများ မရှိသော်လည်း စစ်ကော်မရှင်တပ်သား အင်အား ၃၀၀ ဝန်းကျင်သည် ဖေဖော်ဝါရီ ၂၅ ရက် တိုက်ခိုက်မှုအပြီး ဂိတ်ပတ်ဝန်းကျင်ကို ကင်းပုန်းများဖြင့် လုံခြုံရေးယူနေကြောင်း ၎င်းက ဆက်ပြောသည်။
လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့်နေသော အဖွဲ့အစည်းများကို ဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ပုံစာ – ဇန်နဝါရီလ ၁၅ ရက်တွင် ကံတလူးတိုးဂိတ်ကို လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေစဉ်။ (ပုံဟောင်း)
#ကံတလူးတိုးဂိတ် #ထပ်မံတိုက်ခိုက်ခံရ #လင်းယုန်ညီနောင်ပျောက်ကြားတပ်ဖွဲ့ #စစ်တပ် #ThanLwinKhetNews
