![]()

နှောင်း/ဖေဖော်ဝါရီ ၂၈။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ထားသည့် တယ်လီကျန်းမာနှင့် CDM ကျန်းမာရေးကွန်ယက်သည် ၎င်းတို့၏ တောင်းဆိုချက်များအပေါ် NUG ဘက်မှ အကြောင်းပြန်လာသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်ကာ သပိတ်လှန်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
“NUG အနေဖြင့် တိုင်ကြားချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများသည် အတိုင်းအတာတစ်ရပ်အထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပိုမိုကောင်းမွန်၍ ပွင့်လင်းမြင်သာသော အစိုးရတစ်ရပ်အဖြစ် ဖော်ဆောင်နိုင်ရန် အစီအစဉ်များလည်း ချမှတ်ရေးဆွဲသွားမည်ဟု ကတိပြုခဲ့ပြီး ဖြစ်ပါသည်” ဟု တယ်လီကျန်းမာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CDM ကျန်းမာရေးကွန်ယက်အနေဖြင့်လည်း ၎င်းတို့ တင်ပြထားသည့် အချက် ၆ ချက်ပါ တောင်းဆိုချက်များနှင့် ပတ်သက်၍ NUG ပြည်ထောင်စုဝန်ကြီးချုပ် လက်မှတ်ရေးထိုးထားသော အကြောင်းပြန်စာကို ဖေဖော်ဝါရီ ၂၅ ရက်တွင် လက်ခံရရှိခဲ့သည်ဟု သိရသည်။ ထို့နောက် အဖွဲ့အတွင်း ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒကောက်ယူခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ထားခြင်းကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က အတွင်းဝန် မကြည်ပြာအား ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဆိုသည့် ကြေညာစာတစ်ခု ထွက်ပေါ်လာပြီးနောက် တယ်လီကျန်းမာနှင့် CDM ကျန်းမာရေးကွန်ယက်တို့က NUG အစိုးရ၏ စီမံခန့်ခွဲရေးဆိုင်ရာ အားနည်းချက်များကို တစ်ပတ်အတွင်း ဖြေရှင်းပေးရန် ဖေဖော်ဝါရီ ၂၀ ရက်တွင် တောင်းဆိုခဲ့ပြီး ပူးပေါင်းလုပ်ဆောင်မှုများကို ရပ်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။
အလားတူ ဖေဖော်ဝါရီ ၂၆ ရက်တွင်လည်း ဒေသအခြေပြု CDM ဝန်ထမ်းများကောင်စီ ခြောက်ခုက အတွင်းဝန် မကြည်ပြာကိစ္စဖြင့်ပင် NUG အစိုးရထံ သပိတ်မှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ပူးတွဲကြေညာခဲ့သေးသည်။

#တယ်လီကျန်းမာ #CDMကျန်းမာရေးကွန်ယက် #NUG #သပိတ်လှန် #ThanLwinKhetNews
