![]()
သံလွင်ခက်/ဖေဖော်ဝါရီ ၂၈၊။
ဘိုလီးဗီးယားနိုင်ငံတွင် ငွေစက္ကူသစ်များ တင်ဆောင်လာသည့် လေတပ်ပိုင် ဟာကျူလီ လေယာဉ်တစ်စီးသည် အယ်လ်အော်လ်တိုမြို့ရှိ လူစည်ကားရာ လမ်းမပေါ်သို့ ပျက်ကျခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
ယင်းဖြစ်စဉ်ကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က အတည်ပြုသည်။
အဆိုပါ လေယာဉ်သည် ဆန်တာခရုဇ် မြို့မှ ထွက်ခွာလာခြင်းဖြစ်သည်။ မြို့တော် လာပါ့စ် အနီးရှိ အယ်လ်အော်လ်တို လေဆိပ်သို့ ဆင်းသက်ပြီးနောက် ဆိုးရွားသော ရာသီဥတုကြောင့် ပြေးလမ်းချော်ကာ အနီးရှိ ကားလမ်းမပေါ်သို့ ထိုးဆင်းသွားခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
လေယာဉ်ပျက်ကျပြီးနောက် ပြန့်ကျဲနေသည့် ငွေစက္ကူများကို လူအများအပြားက လုယက်ကောက်ယူနေသည့် ရုပ်သံများ လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့သည်။ ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်နေသူများကို အာဏာပိုင်များက မီးသတ်ပိုက်များ အသုံးပြု၍ လူစုခွဲခဲ့ရသည်။
မီးသတ်တပ်ဖွဲ့ အကြီးအကဲ ပါဗယ်လ်တိုဗာက သေဆုံးသူများသည် လေယာဉ်ပေါ်မှဖြစ်သည် သို့မဟုတ် လမ်းပေါ်ရှိ ကားများထဲမှဖြစ်သည်ကို အတိအကျ မပြောနိုင်သေးကြောင်း ယူနီတဲလ် သတင်းဌာနသို့ ပြောခဲ့သည်။ မတော်တဆမှုအတွင်း လမ်းပေါ်ရှိ မော်တော်ယာဉ် ၁၅ စီးထက်မနည်း ကြေမွပျက်စီးသွားခဲ့ပြီး မီးသတ်တပ်ဖွဲ့က လေယာဉ်မီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် အယ်လ်အော်လ်တို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယာယီပိတ်ထားကြောင်း ဘိုလီးဗီးယား အမျိုးသားလေကြောင်းလိုင်းက ကြေညာထားသည်။ ထို့ပြင် ဘိုလီးဗီးယား ဗဟိုဘဏ်ကလည်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။
Video crd – ABC News
Ref: Reuters/AP
#ဘိုလီးဗီးယား #ငွေစက္ကူ #စစ်လေယာဉ် #လမ်းပေါ်ပျက်ကျ #ThanLwinKhetNews
