![]()
ခင်သရဖီဦး/ဖေဖော်ဝါရီ ၂၈။
ရခိုင်ပြည်နယ်အတွင်း ရွှေဈေးကွက်တွင် ဝယ်ယူသူထက် ပြန်ရောင်းသူနှင့် ပေါင်းနှံသူ ပိုများနေသည့်အတွက် ရန်ကုန်ပေါက်ဈေးထက် လျော့သော ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း ရွှေဆိုင်ပိုင်ရှင်များနှင့် ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ရန်ကုန်ရွှေဈေးကွက်၌ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ အထက်တွင် ဈေးမြင့်တက်နေသော်လည်း ရခိုင်တွင်မူ ငွေသားလိုအပ်ချက်ကြောင့် ဈေးလျှော့ရောင်းချနေရသည်ဟု မြေပုံမြို့နယ်မှ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွှေဝယ်တဲ့သူက မရှိသလောက်ပဲ။ ပြန်ရောင်းတဲ့သူနဲ့ ပေါင်းနှံတဲ့သူတွေပဲ များနေတယ်။ အဓိကကတော့ နယ်မြေအခြေအနေအရ ငွေသားပြတ်လပ်မှုရှိနေတာကြောင့် ရန်ကုန်ဈေးအတိုင်း ရောင်းလို့မရဘူး။ ဈေးချပြီးတော့မှပဲ အရောင်းအဝယ် လုပ်နေကြရတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်တွင် ရွှေဆိုင်များမှ ပြင်ပသို့ ရောင်းဈေးမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ၉၈ သိန်းကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားကို ၉၁ သိန်းကျပ်၊ ၁၂ ပဲရည် တစ်ကျပ်သားကို ၇၀ သိန်းကျပ်အထိသာ ရှိနေသည်။

ပုံစာ – မြေပုံ ရွှေဆိုင်တခုမှ ရွှေများအားတွေ့ရစဥ် (ဓါတ်ပုံ – သံလွင်ခက်)
ထို့အပြင် ဒေသခံများထံမှ ရွှေဆိုင်များက ပြန်ဝယ်ယူသည့် ဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ၉၅ သိန်းကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားကို ၈၆ သိန်းကျပ်၊ ၁၂ ပဲရည် တစ်ကျပ်သားကို ၆၅ သိန်းကျပ်ဖြင့် ပြန်လည်ဝယ်ယူနေခြင်း ဖြစ်သည်။
ဒေသခံများသည် စားဝတ်နေရေး ကျပ်တည်းမှုနှင့် ကျန်းမာရေးစရိတ် လိုအပ်ချက်များကြောင့် ပိုင်ဆိုင်ထားသည့် ရွှေထည်များကို ထုတ်ရောင်းနေကြခြင်း ဖြစ်သည်ဟု မင်းပြားမြို့မှ အသက် ၄၀ အရွယ် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“အခုတလော ငွေသားပြတ်နေတာက အဓိကပြဿနာပဲ။ ဒေသခံတွေက စီးပွားရေး အဆင်မပြေကြတော့ ဆေးကုဖို့၊ စားဖို့သောက်ဖို့အတွက် ရှိတဲ့ရွှေလေးတွေကို လာရောင်းကြတာ။ တစ်နေ့ကို ရွှေလာဝယ်တဲ့သူ တစ်ယောက်တောင် မရှိတဲ့ရက်တွေ ရှိပေမဲ့ ရောင်းတဲ့သူနဲ့ ပေါင်းတဲ့သူကတော့ တန်းစီနေတာပဲ” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေခြင်းတို့ကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်နေပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာသည့်အတွက် ဒေသခံများအနေဖြင့် ရွှေရောင်းချ၍ ဖြေရှင်းနေရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
#ရခိုင် #ရွှေဈေး #ပြန်ရောင်းသူများ #အနည်းငယ်ပြန်ကျ #ThanLwinKhetNews
