![]()
သံလွင်ခက်/ဖေဖော်ဝါရီ ၂၈။
ချင်းမိုင်မြို့ရှိ ဘဏ်ခွဲတစ်ခုတွင် အမည်ခံအကောင့် အသုံးပြုကာ ငွေထုတ်ယူရန် ကြိုးပမ်းမှုတစ်ခုကို ဘဏ်ဝန်ထမ်းများက ရဲတပ်ဖွဲ့ထံ အချိန်မီ အကြောင်းကြားနိုင်ခဲ့သဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် ၄ ဦးကို ဖမ်းဆီးရမိပြီး ထိုင်းဘတ်ငွေ သုံးသိန်းကို သိမ်းဆည်းနိုင်ခဲ့သည်ဟု Khaosod သတင်းက ဖော်ပြသည်။
ယမန်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်ခန့်တွင် ချင်းမိုင်မြို့၊ ပရာတူချင်းမိုင်ရှိ ခရူထိုင်း ဘဏ်ခွဲ၌ အမျိုးသမီးတစ်ဦးက ငွေသား ဘတ် သုံးသိန်း ထုတ်ယူရန် ပြင်ဆင်နေစဉ် ၎င်း၏ အကောင့်မှာ ပုံမှန်မဟုတ်ကြောင်း ဘဏ်၏ ဘဏ္ဍာရေးမှုခင်းတိုက်ဖျက်ရေးအဖွဲ့က သတိပြုမိခဲ့သည်။
ထို့နောက် အမှတ် ၅ နယ်မြေရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များ ဘဏ်သို့ ရောက်ရှိလာချိန်၌ ခွန်ကန်ဒေသမှ အသက် ၃၃ နှစ်အရွယ် ချူဒါ မန်မာ ဆိုသူ အမျိုးသမီးကို ငွေကောင်တာ၌ ဖမ်းဆီးရမိခဲ့သည်။
၎င်းနှင့်အတူ ငွေသား ဘတ် သုံးသိန်း၊ ဘဏ်စာအုပ်၊ အေတီအမ်ကတ်နှင့် လက်ကိုင်ဖုန်းတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ အမျိုးသမီးက ၎င်းသည် အခကြေးငွေဖြင့် အကောင့်ဖွင့်ပေးကာ ငွေထုတ်ပေးရန် စေခိုင်းခံရသူသာဖြစ်ပြီး ၎င်း၏ ငွေများမဟုတ်ဟု ဝန်ခံခဲ့သည်။
၎င်း၏ ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့သည် ဘဏ်အနီးတွင် အခြေအနေကို စောင့်ကြည့်ညွှန်ကြားနေသည့် ကြံရာပါ သုံးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
ထပ်မံဖမ်းဆီးရမိသူများမှာ ဆက်သွယ်ညှိနှိုင်းပေးသူ မြန်မာနိုင်ငံသား အသက် ၂၇ နှစ်အရွယ် အာဝေ၊ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား အသက် ၃၇ နှစ်အရွယ် ဖိဖော့ ခေါ် ဆန်းနှင့် နိုင်ငံမဲ့အဆင့်ရှိ အသက် ၂၅ နှစ်အရွယ် ဂျောင်ဖူ ခေါ် အာဖူတို့ ဖြစ်ကြသည်။
ဖမ်းဆီးခံရသူများအနက် တစ်ဦးကို ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့်ပါ ထပ်တိုးအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ငွေသား ဘတ်သုံးသိန်းသည် ဆာရာဘူရီ ပြည်နယ်ရှိ အွန်လိုင်းငွေလိမ်မှုခံရသူတစ်ဦးက လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ လိမ်လည်မှုကြောင့် နစ်နာသူများ၏ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် ၂ ဒသမ ၄ သန်းအထိ ရှိကြောင်း သိရသည်။
သံသယရှိသူ လေးဦးစလုံးကို ချင်းမိုင်မြို့မရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နေပြီ ဟု သိရသည်။
၎င်းတို့၏ ထွက်ဆိုချက်အရ အဆိုပါ ဂိုဏ်းကို တရုတ်လူမျိုး အလုပ်ရှင်တစ်ဦးက နောက်ကွယ်မှ ကြိုးကိုင်နေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသားအချို့ကလည်း တည်းခိုနေထိုင်ရေးနှင့် ကားငှားရမ်းခများ စီစဉ်ပေးသည့်အပြင် အမည်ခံအကောင့်ဖွင့် ငွေထုတ်မည့်သူများကိုပါ ရှာဖွေပေးနေကြောင်း ပေါ်ပေါက်ခဲ့သည်။
လက်ရှိတွင် အာဏာပိုင်များအနေဖြင့် နောက်ထပ် သံသယရှိသူ အနည်းဆုံး နှစ်ဦးကို ဖမ်းဆီးရန် အထောက်အထားများ ရရှိထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် တိုးချဲ့လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။
Ref: Khaosod
