![]()
ခင်သရဖီဦး/ဖေဖော်ဝါရီ ၂၇။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ ယနေ့အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့နယ်ရှိ တောကန်ကျေးရွာနှင့် ဝါဘိုကျေးရွာ အနီးတစ်ဝိုက်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ရှိနေခြင်းဖြစ်သည်ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်နေတာက ဒီအပတ်ထဲမှာတင် စဖြစ်နေတာပါ။ ပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေအိမ်တွေတောင် တုန်ခါမှုရှိတယ်။ လူတွေကတော့ အတော်လေး ကြောက်လန့်နေကြရပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင်လည်း စစ်ကော်မရှင်တပ်သည် စစ်တွေမြို့တွင်းနှင့် မြို့ပြင်တစ်လျှောက်တွင် သံချပ်ကာကားများဖြင့် လှည့်လည်ကာ စစ်ရေးအင်အား ပြသမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပုံစာ – စစ်တွေမြို့မှ စစ်ကော်မရှင်တပ်သားများ
“သူတို့က မြို့ထဲကနေ မြို့ပြင်ဘက်ကို သံချပ်ကာကား ၄ စီးနဲ့ ပတ်ပြီး စစ်အင်အားပြနေတာတွေ ရှိတယ်။ ပင်လယ်ပြင်မှာလည်း နေဗီ (စစ်ရေယာဉ်) အများအပြားကို အရင်ကထက် ပိုချထားတာ တွေ့ရတယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် စစ်တပ်သည် စစ်တွေမြို့နယ်ရှိ ကျေးရွာများအပြင် အနီးရှိ ရသေ့တောင်၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်များသို့လည်း စစ်တွေအခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
ယင်းကဲ့သို့ လက်နက်ကြီး ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ကျေးရွာအများအပြားမှ ဒေသခံများသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်။
#စစ်တွေ #အာရက္ခတပ်တော် #စစ်တပ် #ရက်ဆက် #တိုက်ပွဲဖြစ် #ThanLwinKhetNews
