![]()
နှောင်း/ဖေဖော်ဝါရီ ၂၇။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်-မြို့သာ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးလျက်ရှိရာ အဆိုပါ စစ်ကြောင်းထိုးမှုအတွင်း ဒေသခံအမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ စစ်ကော်မရှင်တပ်သည် လမ်းပိုင်းပေါ်ရှိ ညောင်ဝန်းရွာနှင့် သက္ကယ်ကျင်းရွာများကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုသို့ မီးရှို့မှုကြောင့် သက္ကယ်ကျင်းရွာမှ အသက် ၈၀ ကျော်အရွယ် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ကျေးရွာအတွင်း ကျန်ရှိနေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုလည်း စစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် နေအိမ်မီးလောင်မှုကို ငြိမ်းသတ်ရန် ကြိုးပမ်းနေသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုလည်း စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပုံစာ – နန်းမြင့်တောင် စစ်ဆေးရေးဂိတ် မီးလောင်ပျက်စီးနေမှုကို မြင်တွေ့ရစဉ်။ (ပုံဟောင်း/ဓါတ်ပုံ – မြင်းခြံ News)
“နဘူးအိုင်-မြို့သာလမ်းကို ထိန်းချုပ်ချင်လို့ စစ်ကြောင်းထိုးတာပါ။ အဲဒီရွာတွေမှာ စစ်ပွဲဖြစ်ပွားတာမျိုး မရှိပါဘူး” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် အင်အား ၁၅၀ ခန့်ဖြင့် နဘူးအိုင်ရွာ၊ ညောင်ဝန်းရွာနှင့် သက္ကယ်ကျင်းရွာတို့တွင် နေရာခွဲ၍ တပ်စွဲထားပြီး နဘူးအိုင်ရွာတွင် ဟောင်ဝှစ်ဇာ အမျိုးအစား လက်နက်ကြီးကိုပါ တပ်ဆင်ထားကြောင်း လူထုလှုပ်ရှားမှုကော်မတီ မြင်းခြံခရိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ယခု စစ်ကော်မရှင်တပ် အင်အားသုံးတပ်စွဲထားသည့် နဘူးအိုင်ကျေးရွာသည် မြင်းခြံ-ငါန်းဇွန်-မြို့သာ လမ်းပိုင်းပေါ်ရှိ လမ်းဆုံရွာကြီးတစ်ရွာဖြစ်ပြီး စစ်ရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိက အချက်အချာကျသည့် နေရာဖြစ်သည်။
#မြင်းခြံ #မြို့သာလမ်းပိုင်း #ထိန်းချုပ် #စစ်ကော်မရှင် #စစ်ကြောင်းထိုး #ThanLwinKhetNews
