![]()
သံလွင်ခက်/ဖေဖော်ဝါရီ ၂၇။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ အမှတ် ၁ စစ်ဒေသ၊ ဗျူဟာအမှတ် ၄၇ တပ်စခန်းကို စစ်တပ်က လေကြောင်းအင်အား အလုံးအရင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များနှင့် လက်နက်ခဲယမ်းများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု ဗျူဟာ ၄၇ က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် နမခ စစ်ဌာနချုပ်နှင့် တံတားဦးလေတပ်တို့ ပူးပေါင်းကာ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ တပ်စခန်း တည်ရှိရာနေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပုံမှန်အသုံးပြုနေကျ တိုက်လေယာဉ် နှစ်စီးအပြင်၊ Y-12 ဗုံးကြဲလေယာဉ်မှ ဗုံးအလုံးရေ ၇၀ ကျော်ကို အဆက်မပြတ် ကြဲချခဲ့ပြီး ပါရာမော်တာ သုံးစီး၊ ဂျိုင်ရိုကော်ပတာ နှစ်စီးတို့ဖြင့် အနီးကပ် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂ ရက် ဒုတိယအကြိမ် တိုက်ခိုက်မှုတွင်လည်း အသေခံဒရုန်း တစ်စီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ရဲဘော်များနှင့် လက်နက်ခဲယမ်းများ ထိခိုက်မှု မရှိခဲ့သော်လည်း အဆောင်အချို့ ပျက်စီးခဲ့ရသည်ဟု သိရသည်။
ယခုဖြစ်စဉ်တွင် စစ်ကော်မရှင်သည် ပါရာမော်တာနှင့် ဂျိုင်ရိုမော်တာ ကဲ့သို့သော လေကြောင်းနည်းဗျူဟာ အသစ်များကို အသုံးပြုလာခြင်းနှင့် ဗုံးအမြောက်အမြားကို အသုံးပြု တိုက်ခိုက်လာခြင်းတို့ကြောင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လေကြောင်းရန်ကို ယခင်ကထက် ပိုမိုသတိထားကြရန် ဗျူဟာ ၄၇ က အသိပေး နှိုးဆော်ထားသည်။
ဓါတ်ပုံ – ဗျူဟာ ၄၇,ယင်းမာပင်
#ဗုံး၇၀ကျော် #ယင်းမာပင် #ဗျူဟာ၄၇ #ThanLwinKhetNews
