![]()

နှောင်း
မွန်အမျိုးသမီးများနေ့တွင် မွန်ဒေသအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က တိုက်တွန်းလိုက်သည်။
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာအတွင်း မွန်ဒေသ၌ အမျိုးသမီး ၉၂ ဦးထက်မနည်း အသတ်ခံခဲ့ရပြီး ၄၆၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း NRFF က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ ဖမ်းဆီးခံရသူများအနက် ၃၂၆ ဦးမှာ ယနေ့တိုင် အကျဉ်းထောင်များ၌ ရှိနေဆဲဖြစ်ကာ ၆၁ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။
“၂၀၂၁ မတိုင်ခင်ကလည်း ချိုးဖောက်မှုတွေ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ လက်နက်ကိုင်အကြမ်းဖက်မှု ပုံစံတွေက ပိုတိုးလာပါတယ်။ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်နေပြီး အရပ်သားတွေနဲ့ အမျိုးသမီးတွေ ထိခိုက်သေဆုံးနေရတယ်” ဟု NRFF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက သံလွင်ခက်ကို ပြောသည်။

အဆိုပါ ချိုးဖောက်မှုများကို စစ်ကော်မရှင်နှင့် ၎င်းတို့၏ လက်ဝေခံများက အဓိကကျူးလွန်နေခြင်းဖြစ်ပြီး အခြားလက်နက်ကိုင်အဖွဲ့အချို့၏ ကျူးလွန်မှုများလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ဟု ဆိုသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း အမျိုးသမီး ၇၆,၀၀၀ ကျော် နေရပ်စွန့်ခွာနေရပြီး စစ်ကော်မရှင်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ်များပါ ထိခိုက်ဒဏ်ရာ ရရှိနေသည်။
“ကလေးငယ်တွေကို တိုက်ရိုက်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအပြင် ကလေးငယ်တွေ မဖြစ်မနေရရှိရမယ့် အကာအကွယ်တွေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုက အများကြီး ပိုလာနေတယ်” ဟု ၎င်းက ထောက်ပြထားသည်။
သမိုင်းတစ်လျှောက် မွန်အမျိုးသမီးများ၏ သတ္တိနှင့် ဦးဆောင်နိုင်စွမ်းကို ဂုဏ်ပြုသည့် ဤနေ့တွင် NRFF က အမျိုးသမီးများအပေါ် ကျူးလွန်သည့် အိမ်တွင်းအကြမ်းဖက်မှုနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကိုပါ အလေးထားရန် လိုအပ်ကြောင်း ထောက်ပြထားသည်။ ထို့အပြင် ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှု ရရှိရေးနှင့် အနာဂတ် ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နိုင်ရေးတို့အတွက် အားလုံးအတူ တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။
မွန်အမျိုးသမီးနေ့သည် မွန်ဘုရင်မ ရှင်စောပု၏ မွေးနေ့ကို အစွဲပြုသတ်မှတ်ကာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤနေ့သည် အမျိုးသမီးများ၏ သတ္တိနှင့် နှလုံးရည်ကို လေးစားဂုဏ်ပြုရသည့်နေ့ဖြစ်သလို မွန်အမျိုးသမီးများ၏ ဦးဆောင်နိုင်စွမ်းကို အသိအမှတ်ပြုသည့် နေ့တစ်နေ့လည်း ဖြစ်သည်။
#မွန်အမျိုးသမီးများနေ့ #အကြမ်းဖက်မှုရပ်တန့်ရေး #တရားမျှတမှုရရေး #NRFF #ThanLwinKhetNews
