![]()
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ယိုးငူကျေးရွာဈေးတန်းကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား သေဆုံးသူ ၁၇ ဦးအထိ ရှိလာကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ညနေပိုင်းတွင် အတည်ပြုထုတ်ပြန်လိုက်သည်။
အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ ကောက်ယူရရှိထားသော စာရင်းများတွင် လူ ၁၇ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုလျက်ရှိပြီး ထပ်မံထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လယ် ၂ နာရီ ၇ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် လူစည်ကားရာ ယိုးငူကျေးရွာဈေးတန်းကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအချိန်သည် ဒေသခံများနှင့် စစ်ဘေးရှောင်များ ဈေးရောင်းဈေးဝယ်ပြုလုပ်နေကြသဖြင့် အထူးစည်ကားနေချိန်ဖြစ်ရာ အကျအဆုံး များပြားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယိုးငူကျေးရွာသည် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အဓိကမှီခိုအားထားရာနေရာဖြစ်ပြီး ယခုကဲ့သို့ အရပ်သားပစ်မှတ်ကို တိုက်ခိုက်ခြင်းအပေါ် ဒေသခံများက ပြင်းထန်စွာ ဝေဖန်ရှုတ်ချနေကြသည်။
စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ပုံများပါဝင်သဖြင့် ပုံများကို သံလွင်ခက် တယ်လီဂရမ်လင့်ခ်မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိင်ပါသည်။
