![]()
တော်လှန်ရေးကာလ အခက်အခဲများကြားမှ ကရင်နီပြည်နယ်အတွင်း တရားစီရင်ရေးယန္တရားကို အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း လက်ခံရရှိသည့် အမှုပေါင်း ၁၆၀ ကျော်၏ ၉၃ ရာခိုင်နှုန်းကို အပြီးသတ် စီရင်ချက်ချနိုင်ခဲ့ကြောင်း တရားရုံးနှစ်စဉ်အစီခံစာက ဖော်ပြသည်။
ကရင်နီပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးလုပ်ငန်းများ ဖော်ဆောင်ရန်အတွက် တရားရုံးချုပ် အပါအဝင် တရားရုံးပေါင်း ၁၂ ရုံးကို တည်ထောင်ထားပြီးဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း ကရင်နီပြည်နယ်ရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် ရာဇဝတ်မှုနှင့် တရားမမှု စုစုပေါင်း ၁၆၂ မှုကို လက်ခံစစ်ဆေးခဲ့ရာ ၁၅၁ မှုကို အပြီးသတ် စီရင်ချက်ချနိုင်ခဲ့သည်။
ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေးအနေဖြင့် စီရင်ချက်ချပြီးသည့် အမှုများအနက် ၇၁ ရာခိုင်နှုန်းမှာ ၃ လအတွင်း အမြန်ဆုံး ပြီးပြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တရားရုံးချုပ်မှ မြို့နယ်တရားရုံးများအထိ စုစုပေါင်း အရာထမ်း၊ အမှုထမ်း ၅၈ ဦးဖြင့် လုပ်ငန်းများကို လည်ပတ်နေပြီး ၊ ၎င်းမှာ အခက်အခဲများကြားမှ တရားစီရင်ရေးယန္တရား အရှိန်အဟုန်ဖြင့် လည်ပတ်နေမှုကို ပြသနေသည်။
သို့သော်လည်း ကြားကာလ တရားစီရင်ရေးကို အကောင်အထည်ဖော်ရာတွင် လူသားအရင်းအမြစ်၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကန့်အသတ်များအပြင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ အားနည်းချက်များစွာ ရှိနေကြောင်း တရားသူကြီးချုပ် ခူးပိုးရယ်က ထောက်ပြထားသည်။
အထူးသဖြင့် နယ်မြေအတွင်းရှိ အချို့သော လက်နက်ကိုင်အင်အားစုများနှင့် အုပ်ချုပ်ရေးအဖွဲ့များ၏ ပါဝင်ပတ်သက်မှုများမှာ ဥပဒေအတိုင်း ဆောင်ရွက်ရန် အဟန့်အတားဖြစ်စေသည်ဟု တရာသူကြီးချုပ်၏ ဥယျောဇဉ်တွင် ဆိုထားသည်။
ထို့ပြင် အချို့ဒေသများတွင် ပြစ်မှုကျူးလွန်သော်လည်း ကင်းလွတ်ခွင့်ရနေခြင်း (Impunity) သည် တရားစီရင်ရေးမဏ္ဍိုင်အတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်နေဆဲဖြစ်သည်ဟု အစီခံစာက မှတ်တမ်းတင်ထားသည်။
တဖက်တွင်လည်း ပြည်သူများ တရားမျှတမှု လက်လှမ်းမီစေရန် ကရင်နီပြည် တရားစီရင်ရေးတာဝန်ရှိသူများက တစ်နှစ်တာအတွင်း လူထုတွေ့ဆုံပွဲ ၁၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဥပဒေအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
စွဲဆိုတင်ပို့လာသည့် အမှုများကို ဖော်ပြထားရာတွင် မူးယစ်ဆေးဝါးမှုမှာ ၃၃ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေသည်ကို တွေ့ရသည်။ ဒုတိယအများဆုံးမှာ အကြမ်းဖက်မှု (၂၅ ရာခိုင်နှုန်း) ဖြစ်သည်။
ဤအချက်အလက်များအရ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုများသည် ပြည်နယ်အတွင်း အဓိကဖြေရှင်းရမည့် ရေရှည် ပြဿနာတရပ်ဖြစ်နေသည်။
ကရင်နီပြည် ကြားကာလတရားစီရင်ရေး၏ ထူးခြားချက်မှာ ဒေသခံလူမျိုးစုများ၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ (Customary Law) များကို စနစ်တကျ သုတေသနပြုကာ တရားစီရင်ရေးတွင် ထည့်သွင်းကျင့်သုံးလာခြင်း ဖြစ်သည်ကို တွေ့ရသည်။
ကရင်နီပြည် ကြားကာလအစီအမံနှင့် တရားစီရင်ရေးဥပဒေတို့တွင် လူ့အခွင့်အရေးစံနှုန်းများနှင့် မဆန့်ကျင်သော ရိုးရာဓလေ့တရားစီရင်မှုများကို အသိအမှတ်ပြုထားသည်။
ထို့အပြင် အမှုအခင်းများကို တရားရုံးမရောက်မီ ရိုးရာဓလေ့အရ စေ့စပ်ညှိနှိုင်းဖြေရှင်းသည့် နည်းလမ်းမှာ ကြားကာလတရားစီရင်ရေးအတွင်း ထိရောက်ပြီး တိုးတက်သော ဖြေရှင်းနည်းတစ်ခု ဖြစ်လာသည်။
