![]()
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်များ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ၂ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကောင်စီတပ်က နယ်မြေချဲ့ထွင်ရန်အတွက် ပိုင်ကျုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ၂ ဦး သေဆုံးကာ ၈ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNUဗဟိုက ဖော်ပြထားသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း လယ်ဒိုမြို့နယ်၊ ကျောင်းကုန်းကျေးရွာအတွင်းသို့ ခမရ-၂၀ တပ်ရင်းက ပါရာမော်တာဖြင့် ဗုံးသီး (၄) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရကာ နေအိမ် ၄ လုံး ပျက်စီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သေးသည်။
လက်ရှိတွင် အဆိုပါဒေသများ၌ စစ်ရေးတင်းမာမှုများ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်၏ စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ၏ လုံခြုံရေး စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
#ပိုင်ကျုံ #စစ်တပ် #KNLA #တိုက်ပွဲဖြစ် #ThanLwinKhetNews
