![]()
နှောင်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ပြည်သူလူထု ယုံကြည်ကိုးစားထိုက်သော၊ စနစ်တကျ တာဝန်ယူဖြေရှင်းနိုင်သော အစိုးရဖြစ်ကြောင်း လက်တွေ့သက်သေပြရန် CDM ကျန်းမာရေးကွန်ရက် (CDMMN) က တိုက်တွန်းလိုက်သည်။
NUG အစိုးရ၏ အမိန့်အမှတ် ၁၅/၂၀၂၆ နှင့် ပတ်သက်၍ ယခုကဲ့သို့ တောင်းဆိုရခြင်းမှာ အစိုးရအား အခက်တွေ့စေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အစိုးရတစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို တောင်းဆိုခြင်းသာဖြစ်ကြောင်း CDMMN က သံလွင်ခက်သို့ ပြောသည်။
“ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့အစိုးရကို ဘယ်တော့မှ အကျပ်ကိုင်ပြီး ဒုက္ခပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ‘ဒါ ငါတို့အစိုးရပဲ’ လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ အမြဲလက်မထောင်ချင်တာပါ။ အခုကိစ္စမှာလည်း အစိုးရတစ်ရပ်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်တွေကိုပဲ အဓိကထားပြီး တောင်းဆိုနေတာ ဖြစ်ပါတယ် ” ဟု CDM ကျန်းမာရေးကွန်ရက်က ဆိုသည်။
CDMMN သည် ကွန်ရက်အတွင်းရှိ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းကာ အချက် (၆) ချက် တောင်းဆိုထားရာ လက်ရှိတွင် အစိုးရဘက်မှ (၂) ချက်သာ ဆောင်ရွက်ရသေးကြောင်း သိရသည်။
ကျန်ရှိနေသော အချက် (၄) ချက်မှာ ၎င်းတို့၏ အနိမ့်ဆုံးသတ်မှတ်ချက် (Bottom line) ဖြစ်ပြီး အဆိုပါအချက်များ ပြည့်စုံမှသာ သပိတ်ကို ရုပ်သိမ်းမည်ဖြစ်သည်။
၎င်းတို့၏ ကျန်ရှိနေသည့် အဓိကအချက် (၄) ချက်တွင် ပြစ်မှုထင်ရှားပါက တိုင်ကြားခံရသူကို ရာထူးမှ ထုတ်ပယ်ရန်၊ အလွဲသုံးစားပြုလုပ်မှုများကို ပြည်သူသို့ ရှင်းလင်းတင်ပြပြီး အဆိုပါငွေများကို အစိုးရထံ ပြန်လည်ပေးလျော်ရန်၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန်၏ လုပ်ရပ်အတွက် ဝန်ကြီးချုပ်ကိုယ်တိုင် တာဝန်ယူ၍ ပြည်သူကို တောင်းပန်ရန် စသည့် အဓိက အချက်များပါဝင်နေသည်။
အထူးသဖြင့် ရာထူးမှ ထုတ်ပယ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် လက်ရှိ၌ တိုင်ကြားခံရသူက နုတ်ထွက်စာ တင်ထားသော်လည်း CDMMN ကမူ အစိုးရ၏ တရားဝင် ထုတ်ပယ်စာ (Dismissal Letter) ကိုသာ ရလိုခြင်းဖြစ်သည်။
ဤသည်မှာ ရလဒ်ချင်း တူညီနိုင်သော်လည်း အစိုးရ၏ တာဝန်ယူမှုအပိုင်းတွင် ကွာခြားမှုရှိသည်ဟု ၎င်းတို့က ယူဆသည်။
ယခုအချိန်အထိ အစိုးရဘက်မှ ထိရောက်သော တုံ့ပြန်မှု မရှိသေးသည့်အတွက် CDMMN အနေဖြင့် နွေဦးထီ ခွဲဝေခြင်းလုပ်ငန်းများ၊ CDM စာရင်းပြုစုခြင်းနှင့် အတည်ပြုခြင်း၊ ထောက်ခံစာ ထုတ်ပေးခြင်းနှင့် အခြား CDM ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို လတ်တလော ရပ်ဆိုင်းထားသည်။
အကယ်၍ သတ်မှတ်ကာလအတွင်း တုံ့ပြန်မှု မရရှိပါက အစိုးရယန္တရားအတွင်း ကူညီနေသည့် အဖွဲ့ဝင်များအနေဖြင့် အပြီးတိုင် နုတ်ထွက်သွားနိုင်ခြေရှိသည်ဟု သတိပေးထားသည်။
သို့သော် မြေပြင်ရှိ CDM ဝန်ထမ်းများအတွက် “The Promise Campaign” ကဲ့သို့သော လစဉ်ထောက်ပံ့မှုများကိုမူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးက အတွင်းဝန် မကြည်ပြာ တိုင်ကြားခံရမှုနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းမီဒီယာများ နှင့် ပြည်သူထံ ရှင်းလင်းတင်ပြခဲ့သည်။
သို့သော် အဆိုပါ NUG သတင်းစာရှင်းလင်းပွဲ နှင့် စစ်ဆေး အရေးယူမှုရလဒ်များသည် မျှော်လင့်ထားသကဲ့သို့မဟုတ်ဘဲ မေးခွန်းထုတ်မှုများ၊ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
တဖက်တွင်လည်း NUG ၏ တင်ပြချက်များအပေါ် ကြိုဆိုသည့်အနေဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့အပါအဝင် ပညာရေး CDM များ နှင့် အခြားသော ထောက်ပို့အဖွဲ့အချို့က ၎င်းတို့၏ တာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဟု အသီးသီး အသိပေးခဲ့သည်။
CDMMN ကမူ အစိုးရ၏ တာဝန်ယူမှုအပိုင်းသည် အစီရင်ခံစာ ထုတ်ရုံဖြင့် မလုံလောက်ဘဲ ကျန်ရှိနေသည့် အချက်များကိုပါ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်သည်ဟု ယူဆနေခြင်းဖြစ်သည်။
အစိုးရဘက်မှ အကောင်းဆုံး တုံ့ပြန်လာမည်ဟု ယုံကြည်ကြောင်းနှင့် ထိုသို့ တုံ့ပြန်လာပါက အာဏာရှင်စနစ် ပပျောက်ရေးအတွက် ယခင်ကထက် ပိုမိုအားကောင်းစွာ လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း CDMMN က အသိပေးထားသည်။
