![]()
“ဝ” ပြည်နယ်တောင်ပိုင်း ၁၇၁ စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့သည့် ကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိသော ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို တရားခံများနှင့်အတူ စစ်ကော်မရှင် ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်မှစတင်ကာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ခု နယ်မြေအတွင်း ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ရှာဖွေရာတွင် ဖေဖော်ဝါရီ ၁၅ ရက်၌ ဘိန်းဖြူ ၁၂၀.၇၅ ကီလိုဂရမ်နှင့်အတူ အမျိုးသားနှစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ဦးစွာဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း UWSA ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုဖော်ပြထားသည်။


ယခုတကြိမ် တရားခံနှင့် ဖမ်းမိ မူးယစ်ဆေးဝါးများကို စစ်ကော်မရှင်ထံ လွှဲပြောင်းအပ်နှံခြင်းသည် (၂၅) ကြိမ်မြောက် လွှဲပြောင်းခြင်းဖြစ်ပြီး ၁၇၁ စစ်ဒေသ တာဝန်ရှိသူများက စစ်ကော်မရှင်ထံ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

“ဝ” ပြည်နယ် ၁၇၁ စစ်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက မူးယစ်မှောင်ခိုဂိုဏ်းများကို ပြင်းထန်စွာ သတိပေးချက် ထုတ်ပြန်ထားပြီး ၎င်းတို့၏ အမျိုးသားမူးယစ်ဆေးဝါးမူဝါဒကို စိန်ခေါ်ခြင်းမပြုရန်နှင့် တိုက်ဖျက်ရေး စိတ်ပိုင်းဖြတ်မှုကို လျှော့မတွက်ရန် ဦးညီရန်း က အသိပေးထားသည်။

ထို့ပြင် နယ်စပ်ဒေသ မြေမျက်နှာသွင်ပြင် ခက်ခဲမှုများရှိသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ မူးယစ်မှောင်ခိုလုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Photo-ဦးညီရန်း၏လူမှုကွန်ရက်စာမျက်နှာ
