ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီစခန်းအား ကရင်နီတပ်များ ပူးပေါင်းသိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
*************************************
ဇန်နဝါရီ ၂၁ ၊ ၂၀၂၃ ။
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီ၏ တပ်စခန်းအား ကရင်နီတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် KNDFက ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းအား ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် ၊ နံနက် ၇း၅၀ အချိန်မှစ၍ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
နံနက် ၉ နာရီခွဲအချိန်ထိ အပြန်အလှန် ပစ်ခက်မှုများ ဖြစ်ပွားခဲ့ပြီး ကရင်နီပူပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။
စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနေသော ၅ ဦး၏ ရုပ်အလောင်းများကို ကရင်နီပူးပေါင်းတပ်များက ရှင်းလင်းခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအား စွန့်ခွာထွက်ပြေးသွားခဲ့သည်ဟု KNDFက ထုတ်ပြန်ထားသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ် ၁ စီးဖြင့် ၃ ကြိမ်တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့သည့်အပြင် ဘောလခဲမြို့ အခြေစိုက်တပ်များမှလည်း လက်နက်ကြီးများ အဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့သည်။ သို့သော်လည်း ကရင်နီပူးပေါင်းတပ်များက အဆိုပါစခန်းကုန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
ထို့ပြင် စခန်းသိမ်းတိုက်ပွဲအပြီး၌ စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော ၆၀မမ စိန်ပြောင်း ၂လက်၊ RPG ၁လက် ၊ MA-1 ၁လက် ၊MA -2 ၁လက် ၊ MA-3 ၁လက် ၊ MA-4 79တွဲ ၁လက် ၊ 9mm ၁လက် ၊ ငါကြင်းမြီး ၁လက် ၊ စနှိုက်ဖာ ၁လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့သည်။
မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။
ဘောလခဲမြို့နယ်အတွင်း စစ်ရေးအရ အရေးပါ၍ နှစ်ပေါင်းများစွာ အခိုင်အမာတပ်ချကာ ခြေကုပ်ယူထားသော မယ်စလောင်းတောင်စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နေချိန်၌လည်း KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှု၌ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ ပူးပေါင်းတပ်များဖက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဆုပ်ခွာနိုင်ခဲ့သည်ဟု KNDFက ဖော်ပြထားသည်။