ဥပဒေအရ စစ်ခေါင်းဆောင်မိသားစု ကင်းလွတ်ခွင့်မရနိုင်
******************
ဇန်နဝါရီ ၂၀ ၊၂၀၂၃။
ထိုင်းမူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို လုပ်ငန်းများနှင့် စပ်လျဉ်း၍ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုဝင်များ ဥပဒေအရ ကင်းလွတ်ခွင့်မရနိုင်ဟု ဥပဒေပညာရှင်များက ပြောသည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားသည့် မြန်မာခရိုနီ စစ်လက်နက်ပွဲစား ဦးထွန်းမင်းလတ်နှင့် စစ်ကောင်စီ မိသားစုဝင်များ ပါဝင်ပတ်သတ်နေသည်ဟု Justice For Myanmar က ဇန်နဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
Justice For Myanmar ၏ ထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင် သားဖြစ်သူ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုအခန်းတစ်ခန်း ပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်ဟု ဆိုသည်။
နိုင်ငံ၏နယ်နိမိတ် အချုပ်အခြာအာဏာနှင့် နယ်စပ်ဖြတ်ကျော် ကျူးလွန်သည့် ပြစ်မှုဖြစ်သောကြောင့် ထိုင်းနိုင်ငံ၏ ဥပဒေအရ ကြီးမားသည့် ပြစ်ဒဏ်ထိုက်သည်ဟု ဥပဒေပညာရှင်များက ပြောသည်။
ဥပဒေအရ ကင်းလွတ်ခွင့် မရှိသော်လည်း ပြစ်ဒဏ်စီရင်မှုကို ဆက်လက်စောင့်ကြည့်ရမည်ဟု ဥပဒေပညာရှင် အမျိုးသမီး ပါမောက္ခတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ နောက်ကွယ်က လူဟာ စစ်ခေါင်းဆောင် ဖြစ်တယ်ဆိုတာကို ထိုင်းက ဖော်ထုတ်မလား။ ဒါမှမဟုတ် ဦးထွန်းမင်းလတ်ကိုပဲ ပြစ်ဒဏ်ပေးမလား၊ အာဆီယံ တရားခံအပြန်အလှန်လွှဲပြောင်းရေးစာချုပ်အရ ဦးထွန်းမင်းလတ်ကို စစ်ကောင်စီက ပြန်တောင်းမလား ဆိုတာတွေအတွက် ဒီအမှုဟာ ထိုင်းနိုင်ငံကို စောင့်ကြည့်ရမယ့်အနေအထားတစ်ခုဖြစ်တယ် ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော် ကျူးလွန်သည့် ပြစ်မှုများသည် နိုင်ငံ၏နယ်နိမိတ် အချုပ်အခြာအာဏာကို ကျူးကျော်ခြင်းဖြစ်၍ ဒဏ်ခတ်အရေးယူမှုများအတွက် တာ၀န်ခံစေရန် နိုင်ငံတကာ ဥပဒေက ဖွင့်ဆိုထားသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ခေါင်းဆောင် သားသမီးတွေအကြား ဆက်နွယ်နေသည့် သက်သေအထောက်အထားများ ရရှိထားသော်လည်း ထိုင်းအာဏာပိုင်များအနေဖြင့် စစ်ခေါင်းဆောင် သားသမီးများကို စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်ထားခြင်း မရှိသေးဟု Justice For Myanmar က ထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး နိုင်ငံတကာဖိအားများရှိလာကာ နိုင်ငံရေး၌ကြီးမားသည့် အရွေ့များဖြစ်လာနိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။
“ အမေရိကန်အစိုးရနဲ့ စီအိုင်အေ (ဗဟိုထောက်လှမ်းရေး)က ဖိအားပေးလို့ အင်တာပို (နိုင်ငံတကာ ရာဇဝတ်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့) က ဝင်ပြီးအရေးယူတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ပေါ့ပေါ့တန်တန်တော့ မဟုတ်ဘူး ” ဟု ဦးကြီးမြင့်က ပြောသည်။
ဦးထွန်းမင်းလတ်ကို လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ စစ်ခေါင်းဆောင်သားဖြစ်သူ ဦးအောင်ပြည်စုံပိုင်ဆိုင်သည့် အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒို အခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းများလည်း ပါဝင်သည်။
ထို့ပြင် စစ်ခေါင်းဆောင် သမီးခင်သီရိသက်မွန် ပိုင်ဆိုင်သည့် Siam Commercial Bank ငွေစုစာအုပ် နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိထားခဲ့သည်ဟု Justice For Myanmar က စုံစမ်းဖော်ထုတ်ထားသည်။
စစ်ခေါင်းဆောင်နှင့် မိသားစုအား တိုက်ရိုက်အရေးယူခြင်းနှင့် ပတ်သတ်၍ ထိုင်းအစိုးရ တရားရုံးက မည်သို့စစ်ဆေးမည်ကို ဆက်လက်စောင့်ကြည့်ရန်လိုအပ်သည်ဟု ဦးကြီးမြင့်က ပြောသည်။
ဥပဒေကြောင်းအရ သိမ်းဆည်းခံရသည့် စစ်ခေါင်းဆောင်မိသားစုဝင်ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံရပြီး၊ စစ်ခေါင်းဆောင် ကိုလည်း နိုင်ငံတကာ၏ ဖိအားများ ဆက်လက်ရှိလာနိုင်သည်ဟု ဥပဒေပညာရှင်များက သုံးသပ်သည်။
ဦးထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ အပြစ်ပေးနိုင်သည့် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့က စွဲချက်တင်ထားသည်။
ပုံစာ – စစ်ခေါင်းဆောင် မိသာစုဝင်များ။
Photo – Crd