KNU တပ်မဟာ ၃ နယ်မြေ ယခုလအတွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး
**********************************
ဇန်နဝါရီ ၂၀၊ ၂၀၂၃ ။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) တွင် ယခုလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်းတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများ အတွင်း၌ စစ်ကောင်စီတပ်များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ထို့ပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ်ခန့် ပြုလုပ်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဒု−တပ်ရင်းမှူး ၁ ဦး အပါအဝင် ၄၇ ဦးခန့် သေဆုံးခဲ့ပြီး ၁၉ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အတည်မပြုနိုင်သော ထိခိုက်သေဆုံးမှုများလည်း ရှိနေသေးသည်ဟု ကေအဲန်ယူဗဟိုက ဖော်ပြထားသည်။
ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို ၁၅ ရက်တာ တိုက်ပွဲအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့ များက စစ်ကောင်စီတပ်ဖွဲ့များအသုံးပြုသော စစ်ကား ၂၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ မူး (မုန်း) မြို့နယ် အုပ်ချုပ်နယ်မြေများ အတွင်းရှိ ပြည်သူလူထုပေါင်း ၅၀၀၀ ဦးကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်နက်ကြီး ထိမှန်၍ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။