ရွေးကောက်ပွဲ အတင်းအကြပ်ကျင်းပလျှင် ပြင်းထန်စွာအရေးယူသွားမည်ဟု KNU ထုတ်ပြန်
*********************
ဇန်နဝါရီ ၂၀၊ ၂၀၂၃။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေအတွင်း၌ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် စာရင်းကောက်ခံခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်းများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်ဟု KNU ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဘားအံမြို့နယ် KNU အလုပ်မှုဆောင် ကော်မတီအနေဖြင့် မိခင်အဖွဲ့အစည်း KNU ၏ လမ်းညွှန်ချက်များနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး ကြိုပမ်းနေလျက်ရှိကြောင်း၊ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သည့် ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
” ပြည်သူ့သဘောထားနဲ့ ဆန့်ကျင်နေတဲ့ ရွေးကောက်ပွဲကနေ ဖက်ဒရယ်ဒီမိုကရေစီအစစ်ရမှာမဟုတ်ဘူး ” ဟု ဘားအံမြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးမှ ပြောသည်။
စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာကို လှည့်ဖျားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့ အဓမ္မသိမ်းယူထားသည့် တိုင်းပြည်အာဏာအား တရားဝင်မှုရရှိရန် ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဘားအံမြို့နယ် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပခြင်း၊ စာရင်းကောက်ခံခြင်းများ ခွင့်မပြုကြောင်း၊ တားမြစ်ထားသည့်ကြားမှဆောင်ရွက်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
“ အခုတော့ ပြင်းထန်စွာအရေးယူမယ်ဆိုတာပဲ ပြောနိုင်သေးတယ် စစ်ရေးအရ ဆောင်ရွက်မှုတွေပါနေတဲ့အတွက် အတိအကျတော့မပြောနိုင်ဘူး ” ဟု Saw Simonက ပြောသည်။
လက်ရှိတွင် ဘားအံမြို့နယ်အတွင်း ကျေးရွာဘက်များတွင် ရွေးကောက်ပွဲစာရင်း ကောက်ခံခြင်းမျိုး မရှိသေးသော်လည်း မြို့ပေါ်တွင် ကောက်ခံမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် လာမည့်သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ကြေညာထားပြီး ယခုလ ၉ ရက်မှ ၃၁ ရက်အတွင်း အမည်စာရင်းကောက်ခံမှုများကို ပြုလုပ်နေရာ တော်လှန်ရေးအင်အားစုများကလည်း အမျိုးမျိုးသတိပေး တားမြစ်မှုများ လုပ်ဆောင်နေကြသည်။