မြန်မာ-ဘင်္ဂလားနယ်စပ်တွင် ရိုဟင်ဂျာလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်
**********************
သံလွင်ခက်
ဇန်နဝါရီ ၂၀၊၂၀၂၃။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးအနီး ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)အဖွဲ့နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)အဖွဲ့တို့အကြား ယခုလ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က စတင်ကာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းအထိ နှစ်ရက်ဆက်တိုက် အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု နယ်စပ် ရိုဟင်ဂျာအရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နယ်မြေသည် No man’s Land Zone အဖြစ်သတ်မှတ်ကာ နှစ်နိုင်ငံ စစ်ရေးလှုပ်ရှားခြင်းနှင့် ဖြတ်သန်းသွားလာခြင်း ကန့်သတ်ထားသော နယ်မြေတစ်ခုလည်း ဖြစ်သည်။
ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် နေရာအနီးတွင် မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာဒုက္ခသည် ထောင်နှင့်ချီ ခိုလှုံရာ IDP Camp တခုလည်းရှိသည်။
နှစ်ဖက်ပစ်ခတ်မှုများကြောင့် အဆိုပါ ဒုက္ခသည်စခန်းအား (ARSA)အဖွဲ့က မီးရှို့ခဲ့ရာ ရိုဟင်ဂျာဒုက္ခသည်များမှာ မြန်မာဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာကြသည်ဟု ဒေသခံများက ပြောသည်။
ရိုဟင်ဂျာဒုက္ခသည်များနှင့် နီးစပ်သူဒေသခံတစ်ဦးက “ အဲဒီဒုက္ခသည်စခန်းက တောင်ပြိုလက်ယာနဲ့နီးတယ်။ ဘင်္ဂလာဘက်ခြမ်းကိုလည်း မရောက်။ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်းမဟုတ်ဘူး။ ဒေသအခေါ် ဇီရိုးပွိုင့်ဆိုတဲ့ နေရာမှာ ရှိတာပါ။ တိုက်ပွဲဖြစ်ပြီး စခန်းပါ မီးရှို့ခံရလို့ ပြေးလာကြတာ ” ဟု ပြောသည်။
ဒုက္ခသည်စခန်းမီးလောင်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသော ရုပ်သံဖိုင် တချို့လည်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံနှံ့နေသည်။
လက်နက်ကိုင်အဖွဲ့နှစ်ခုကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)တပ်ဖွဲ့ဝင် တချို့ကျဆုံးခဲ့ပြီး ဒုက္ခသည်စခန်းအတွင်းမှ လူငယ် အချို့ကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြကြသည်။
“ ဖမ်းဆီးခံရတာ အားလုံး စုစုပေါင်း ၃၀ ကျော်လောက်ရှိတယ်။ အဲဒီဖမ်းဆီးခံရတဲ့အထဲမှာ ဒုက္ခသည်စခန်းက အရပ်သားတွေလည်းပါတယ်။ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်သူတွေလည်းပါတယ်။ တိုက်ပွဲက ဘယ်လိုစဖြစ်ကြတယ်ဆိုတာကို အသေးစိတ်မသိရပါဘူး ” ဟု ဒုက္ခသည်တစ်ဦးက ပြောသည်။
စခန်းမီးရှို့ခံရမှုကြောင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာကြသော စစ်ဘေးရှောင်ဒုက္ခသည်များအရေးနှင့် ပတ်သတ်ပြီး တာဝန်ရှိသူများထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဒုက္ခသည်စခန်းက ဒုက္ခသည်များမှာ ၂၀၁၇ ခုနှစ် မောင်တော အရေးအခင်းကာလ အတွင်းက စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူများ ဖြစ်သည်။
ပုံစာ – ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ထိန်းသိမ်းခြင်း ခံထားရသည့် ရိုဟင်ဂျာများ။
Photo – Crd