![]()
စစ်ကော်မရှင်က ၎င်းတို့ ထိန်းချုပ်တဲ့ မြို့ကြီးတချို့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ယနေ့ စတင်လုပ်ဆောင်နေရာမှာ ဖိအားပေးမဲပေးစေခိုင်းမှုတွေကို သွယ်ဝိုက်လုပ်ဆောင်နေပါတယ်။ ယနေ့ မြို့ကြီးတချို့က ဒေသခံတွေရဲ့ အသံကို သံလွင်ခက်က စုစည်းတင်ဆက်ပေးထားပါတယ်။
အသက် ၄၃ နှစ်အရွယ်အမျိုးသမီး (ရန်ကုန်)
မနေ့တုန်းကတော့ သူတို့က မဲစာရင်းတွေ ကဒ်ပြားတွေ၊ မဲစလစ်တွေ လာထုတ်ခိုင်းတဲ့ အချိန်မှာ အိမ်က သွားမထုတ်တော့ သူတို့က လာပေးသွားတယ်။ ဒီအိမ်မှာ ငါးယောက်ပေးရမယ်ဆိုရင် ငါးယောက်ရှိတယ်နော်။ မဲလာပေးဦးနော် အဲ့လိုမျိုးတွေ လိုက်ပြောတယ်။
အိမ်က ပေးပြီးပြီ။ ဘာလို့ဆိုတော့ သူတို့က လာစောင့်ပြီး ပြောနေသလိုပေါ့။ ဘာလို့ဆိုတော့ ကျွန်မတို့ အိမ်က စောင့်ကြည့်ခံနေရတာဆိုတော့။ ဘေးက အိမ်တွေကိုတော့ စလစ်တွေ လာပေးတာ မရှိဘူး။ ကျွန်မတို့ အိမ်ဆိုရင် ငါးယောက်ရှိရင် ငါးယောက်စလစ်လာပေးတာမျိုးပေါ့။ မနက်ကလည်း မဲလာပေးပေးဖို့ပြောတယ်။ အခုဒီနေ့မှာ မရှိဘူး။ မဲလာမပေးနိုင်ဘူးဆိုရင် ၁ လပိုင်းမှာ ထပ်ပြီး မဲလာပေးပေးဖို့ပြောတယ်။
အသက်၂၈ နှစ်အရွယ် အမျိုးသား (မြဝတီ)
ကျွန်တော်တို့ရပ်ကွက်က မဲရုံမှာတော့ မဲပေးတာ နေရာ လေးခုရှိတယ်။ ကြံဖွတ်ရယ်၊ တခြားဟာတွေရယ် ကျွန်တော်ကတော့ ကရင်ပါတီတစ်ခုကိုပဲ ပေးခဲ့လိုက်တယ်။ မဟုတ်လည်း ပေးရမှာပဲဆိုတော့ အဲဒါပဲ ပေးခဲ့လိုက်တယ်။ ပေးတဲ့ ပုံစံကလည်း စက်တွေနဲ့ဆိုတော့ တချို့လူကြီးတွေ မသိတဲ့ သူတွေဆို သူတို့ ဘယ်ပါတီကို မဲပေးလို့ ပေးမှန်း သိမှာမဟုတ်ဘူး။
အသက် ၁၉ နှစ်အရွယ်အမျိုးသား (မန္တလေး)
ပထမဦးဆုံး မဲပေးရတဲ့အပေါ်မှာ အဓိက ကြံ့ခိုင်ရေးကို မပေးမိဖို့ ကိုယ့်ဟာကိုယ် ဂရုစိုက်ပြီးတော့ ကြည့်ပြီးတော့ ပေးတယ်ပေါ့။ ကိုယ်ထည့်ချင်တဲ့ဟာ မပါတဲ့အတွက် ရှိတဲ့ဟာကိုပဲ ထည့်လိုက်တယ်ပေါ့။ အဲ့ဒီ တခြားမဲတွေကို နှိပ်နေတဲ့အချိန် ပတ်ဝန်းကျင်က အဲ့ဒီ မဲရုံက လူတွေက ကြည့်နေတာကိုလည်း ခံစားမိတယ်ပေါ့။
ကြံ့ခိုင်ရေး မဖြစ်ရင် ပြီးရောဆိုပြီးတော့ တခြားပါတီကို ထည့်တယ်ကွာ။ ထည့်တဲ့အချိန် ကြည့်တဲ့အကြည့်တွေက တစ်မျိုးတွေ။ မဲရုံက လူတွေပေါ့ အဲ့လိုမျိုး ပုံစံ မျက်လုံးတွေက မင်းတို့သိပါတယ်ကွာ… အဲ့လိုမျိုးတွေ ကြည့်တယ်။
ပြီးတော့ မဲတွေက တစ်ခုနဲ့တစ်ခုက မတူဘူး။ နှစ်ခါလား သုံးခါလား မသိဘူး နှိပ်ရတဲ့အချိန်မှာ ပထမတစ်ခုကကျတော့ ပုံစံတွေက နေရာတကျ မရှိဘူး။ အဖြူက အပေါ်ရောက်လိုက် အောက်က အပေါ်ရောက်လိုက်နဲ့။ နောက်တစ်ခုကျတော့လည်း အဖြူရောင်က မရှိတော့ပြန်ဘူး။
အဲ့တော့ ကိုယ်က ပထမက ဘယ်ပါတီ ထည့်လို့ ထည့်လိုက်မှန်းလည်း မသိဘူး။ ပြီးတော့ မှင်တောင် အပေါစား သုံးထားတာလားမသိဘူး။ တစ်မနက်ပဲ ရှိသေးတယ် ပျက်တော့မယ်။
အသက် ၄၅ နှစ်အရွယ် အမျိုးသမီး (မန္တလေး)
မဲမထည့်ဘူးဆိုရင် ဧည့်စာရင်းစစ်တဲ့အခါကျတော့ အဲ့ဒီလက်သန်းကို စစ်မယ်ပေါ့။ အပြင်ထွက်တဲ့အခါကျရင်လည်း ကားသမားတွေဆိုရင်တော့ မဲထည့်ပြီးပြီလား အဲ့လိုစစ်မယ်ပေါ့။ ပြီးတော့ မဲမထည့်ဘူးဆိုရင် ခရီးသွားကတ် မထုတ်မပေးဘူးပေါ့။ အဲ့လိုမျိုးတွေ မတိုင်ခင်က ကြားတာပေါ့။ တကယ်လုပ်မလုပ်တော့ မသိဘူး။
မြို့ထဲက အခြေအနေကတော့ လူတွေက နည်းနည်းကြောက်စိတ်နဲ့ပေါ့ သွားလာနေတာပဲပေါ့။ ကိုယ်ကိုယ်တိုင်လည်း ကြောက်နေတာပဲ မနက်ပိုင်းက။ ခါတိုင်းလိုတော့ မဟုတ်ဘူးပေါ့။
မဲပေးတဲ့နေရာကတော့ အရင်နေရာပါပဲ။ မဲပေးတာ စက်နဲ့ ခလုတ်ကလေး နှိပ်ရုံပဲ။ ဇယားကွက်တွေကို ကြည့်ပြီး ကိုယ်ကြိုက်တဲ့လူကို ခလုတ်နှိပ်ပေးလိုက်ရုံမယ်။ မီးစိမ်းလေးလင်းမှ နှိပ်လို့တော့ ဘေးကလူကတော့ ပြောနေတာပေါ့နော်။ အဲ့နာမည်တွေကို ကြည့်ပြီးတော့ ကိုယ်ကြိုက်တဲ့လူကို နှိပ်လိုက်ရုံပဲ။ ပြီးရင် စာရွက်လေး ထွက်ကျလာတာပေါ့။
အသက် ၄၀ အရွယ်အမျိုးသား (အမရပူရ)
မဲပေးစရာ အကြောင်းလည်း မရှိဘူးလေ။ ဘယ်လိုမှ ပေးသင့်လည်း မပေးသင့်တာဆိုတော့ သွားလည်း မကြည့်ဘူး။ စိတ်လည်း မဝင်စားဘူး အဲ့လိုပါ။ အိမ်က မိသားစုတွေလည်း မပေးဖို့ ဆုံးဖြတ်ထားပြီးသားပါ။
ခြိမ်းခြောက်လာခဲ့သည် ရှိသော်ငြား တတ်နိုင်သလောက် မပေးဘဲနဲ့ နေမှာဗျ။ ကျွန်တော့် မိသားစုဘက်ကော၊ ကျွန်တော့် အမျိုးသမီးဘက်က မိသားစုတွေကောပေါ့။
ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်လဲဆိုတော့ ဘယ်လိုမှကို မမြင်ဘူး။ စိတ်လည်း မဝင်စားဘူး။ သူတို့ လုပ်ချင်တာ လုပ်တာ။ မထူးလည်း အာဏာသိမ်းထားပြီးသားလေ။
အသက်၂၈ နှစ်အရွယ် အမျိုးသား (တောင်ကြီး)
တောင်ကြီးမြို့မှာတော့ မဲပေးရမယ်ဆိုတော့ တော်တော်များများကတော့ ပေးချင်တဲ့သူရှိတယ် မပေးချင်တဲ့သူရှိတယ်။ သူတို့က အတင်းအကြပ်ကြီး ခြိမ်းခြောက်တာတော့ မဟုတ်ဘူး။ မဲပေးဖို့အတွက် ဥပမာ တစ်အိမ်မှာ သုံးယောက်ဆိုရင် စာရွက်သုံးရွက်လာပေးသွားတယ်။ ပြီးလို့ရှိရင် သူတို့က မဲလာပေးဖို့ကို ပြောတယ်ပေါ့နော်။ သူတို့က နောက်ထပ်ဘာပြောလဲဆိုတော့ ဒီ မဲ System ကကျတော့ ကွန်ပျူတာစနစ်နဲ့ဆိုတော့ လာမပေးရင် သိတယ်တဲ့။ သိတယ်နော်ဆိုပြီးတော့ အဲ့လိုမျိုးတော့ ပြောကြတယ်။ ပြောတယ်ဆိုတော့ ငါတို့သွားမပေးရင် သိမှာပဲဆိုတဲ့ ဆိုက်ကိုလေးတော့ရှိကြတာပေါ့။
ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ပဲ စာရွက်လာပေးခိုင်းတယ်။ ခုနပြောသလိုပဲပေါ့။ ဒါ System နဲ့ သွားတဲ့အတွက်ကြောင့် မပေးရင် သိတယ်ဆိုတဲ့ အချက်တွေ ထည့်ပြောတာပေါ့။
အဓိကကတော့ တော်တော်များများကို ခြိမ်းခြောက်တာက လူနေဆင်းရဲတဲ့ ရပ်ကွက်တွေ တော်တော်များများမှာ ရပ်ကွက်လူကြီးက ဟောက်လားဟိန်းလား လုပ်တယ်။ မဖြစ်မနေ မဲပေးရမယ့် ပုံစံ လုပ်တာပေါ့။
ဒါကမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများက သူတို့ လူတွေပဲ။ အကုန်လုံးက စကစ လူတွေပဲ စကစ အစိမ်းတွေပဲ။ အကုန်လုံးကလဲ သူ့နောက်လိုက်တဲ့ သူတွေပဲဆိုတော့ ယုံကြည်မှုကတော့ မရှိဘူး။
တကယ်တမ်းပြောရမယ်ဆိုရင် နောက်ထပ်တစ်ချက်က မဲပေးမယ်ဆိုရင် ဘယ်သူ့ကို အဖေခေါ်လို့ ခေါ်ရမှန်းမသိ အခြေအနေမျိုး။ ဘယ်သူက ဘယ်သူတွေမှန်းလဲ ဘယ်သူမှ မသိဘူး။ မဲပေးဖို့လည်း ပြည်သူလူထုအနေနဲ့ တော်တော်လေးပြသနာရှိတယ် တော်တော်လေးတိုင်ပတ်တယ်။
ကျွန်တော်ကတော့ မဲပေးဖို့ မရှိဘူး။ ကျွန်တော်ကိုယ်တိုင်ကလဲ မကြိုက်တဲ့ အတွက်ကြောင့်မို့လို့ လုံးဝ မဲမပေးဘူး။ သဘောမကျဘူး မဲမပေးဘူး။ သူတို့ လုပ်ချင်ရာလုပ်ပေါ့။
#စစ်ကော်မရှင်ရွေးကောက်ပွဲ #ပြည်သူ #ThanLwinKhetNews
