![]()
သျှင်မြတ်ဖြူ
ယမန်နေ့ညပိုင်းက မြို့လယ်ခေါင်နေရာအချို့၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့် မြဝတီမြို့တွင် ယနေ့ကျင်းပသော ရွေးကောက်ပွဲအား လုံခြုံရေးအထူးတင်းကျပ်ထားပြီး ဒေသခံများကိုလည်း နည်းမျိုးစုံဖြင့် ဖိအားပေးကာ မဲပေးခိုင်းနေကြောင်း မြို့ခံများထံမှ သိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ယနေ့နံနက်ပိုင်း မြို့တွင်းလမ်းမများပေါ်၌ သွားလာသူ အလွန်နည်းပါးကာ တိတ်ဆိတ်ခြောက်ကပ်နေသော်လည်း အာဏာပိုင်များ၏ ခြိမ်းခြောက်ဖိအားပေးမှုများကြောင့် မဲရုံဖွင့်လှစ်ထားရာ စာသင်ကျောင်းများတွင်မူ မဲလာပေးသူများဖြင့် စည်ကားနေသည်ဟု ဆိုကြသည်။
“လမ်းပေါ်မှာ လူကတော့ တကယ်မရှိသလောက်ပါပဲ။ ပေါက်ကွဲမှုဖြစ်ထားတဲ့နေရာတွေကိုတော့ ပိတ်ထားတယ်။ မနေ့ညက အသံတွေကြောင့် လူတွေက ကြောက်နေကြတာ။ ဒါပေမဲ့ အိမ်မှာရှိတဲ့လူ အကုန်လုံး မဲသွားပေးရမယ်လို့ (အုပ်ချုပ်ရေးဘက်က) လိုက်ပြောတယ်” ဟု အသက် ၂၇ နှစ်အရွယ် မြို့ခံတစ်ဦးက ယနေ့အခြေအနေကို ပြောသည်။
ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများမှာ မြ၀တီမြိုနယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီး၊ ဘုရင့်နောင်လမ်းမနှင့် အမှတ် (၁) ချစ်ကြည်ရေးတံတားထိပ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ပါတီရုံးအနီး ပေါက်ကွဲမှုမှာ ပြင်းထန်ခဲ့ပြီး အနီးနားရှိ အထပ်မြင့်အဆောက်အအုံများစွာ ပျက်စီးခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။
ယခုကဲ့သို့ လုံခြုံရေး စိုးရိမ်ရသည့်ကြားမှ ဒေသခံများ မဲရုံသို့ သွားရောက်နေရခြင်းမှာ ခရီးသွားလာခွင့်နှင့် သက်ဆိုင်သည့် ထောက်ခံစာများ ရရှိရေးအတွက် ပိတ်ပင်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
“မဲမပေးရင် နောက်ပိုင်း ခရီးသွားချင်တဲ့အခါ ထောက်ခံစာတွေ ဘာတွေ ထုတ်ပေးမှာမဟုတ်ဘူးလို့ အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ အဲ့ဒါကြောင့်ပဲ အခက်အခဲမဖြစ်အောင် သွားပေးနေရတာ၊ ကျွန်တော်တို့ရပ်ကွက်က မဲရုံမှာတော့ မဲလာပေးတဲ့လူတွေ အများကြီးပဲ” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် မဲရုံများကို အခြေခံပညာစာသင်ကျောင်းများတွင် ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားအများအပြားက အဝင်အထွက်များကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိကာ မဲလာပေးသူများ၏ လက်ကိုင်ဖုန်းများကို မဲရုံအပြင်ဘက်တွင် ထားခဲ့စေကြောင်း သိရသည်။
ထိုသို့ အတင်းအကျပ် မဲထည့်ခိုင်းသည့် ဖြစ်စဉ်များသည် မြဝတီမြို့၌သာမကဘဲ စစ်ကောင်စီ ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း အလားတူ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။
စစ်ကော်မရှင်သည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၅၆ မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ဟု မူလက ကြေညာခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပရန် နာရီပိုင်းအလိုတွင် ၉ မြို့နယ် ထပ်မံတိုးလိုက်ရာ စုစုပေါင်း ၆၅ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဟု တရားဝင် ထုတ်ပြန်ထားသည်။
ပုံစာ – မြဝတီမြို့ပေါ် ယနေ့မြင်ကွင်း
#မြဝတီရွေးကောက်ပွဲ #ပေါက်ကွဲမှုများအပြီး #လုံခြုံရေးပိုမိုတင်းကျပ်ထား #ThanLwinKhetNews
