သံတွဲမြို့ကို စစ်ကောင်စီက အသွားအလာကန့်သတ်
****************
သံလွင်ခက်
ဇန်နဝါရီ ၂၀၊၂၀၂၃။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာများကို စစ်ကောင်စီတပ်နှင့် ရဲဝန်ထမ်းများ လုံခြုံရေးနေရာ ယူထားပြီး မြို့တွင်းလမ်းတချို့ကိုလည်း အသွားအလာကန့်သတ်ထားသည်ဟု မြို့ခံများက ပြောသည်။
ထို့ပြင် လေယာဉ်ကွင်းဆင်းလမ်းများနှင့် မြို့အဝင်အထွက် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် နေရာယူထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ အဓိက ကျတဲ့နေရာတွေကို စစ်တပ်က လုံခြုံရေးယူထားတယ်။ မြို့ထဲမှာကတော့ ရဲတွေက နေရာယူထားတယ် ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ သံတွဲမြို့ပေါ်သို့ ယမန်နေ့က ရောက်ရှိနေပြီး ယနေ့တွင် ထိုင်းစစ်တပ်၏ ကိုယ်စားလှယ်အဖွဲ့များရောက်ရှိမည်ဟု ကနဦး သတင်းများအရ သိရသည်။
သံတွဲဒေသခံတစ်ဦးက “ ဒီနေ့ ထိုင်းအဖွဲ့တွေ ရောက်မယ်လို့ကြားတယ်။ လူကြီးခရီစဉ်ကို ဧည့်ကြိုအဖြစ် ရိုးရာအက က နေကြတဲ့ အဖွဲ့တွေ ကတော့ မနေ့ကတည်းက ပြင်ဆင်နေကြတယ်။ ဒီနေ့မနက်ပိုင်းမှာ မြို့ထဲမှာတော့ ဟိုမသွားရ ဒီမသွားရဆိုပြီး လမ်းတွေပိတ်ထားတယ် ” ဟု ပြောသည်။
စစ်ကောင်စီခေါင်းဆောင်သည် ထိုင်းကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် သတင်းများထွက်ပေါ်နေပြီး စစ်တွေ ဦးဥတ္တမခန်းမတွင် ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ရန် စီစဉ်ထားသည်ဟု ဌာနဆိုင်ရာနှင့် နီးစပ်သူများထံမှ သိရသည်။
ပုံစာ – သံတွဲမြို့ပေါ်ကလုံခြုံရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
Photo – MANS