![]()
အာဏာသိမ်းပြီးနောက် စစ်တပ် ထုတ်ပြန်ထားသည့် ရန်ကုန်တိုင်းအတွင်း မနက် ၁ နာရီမှ ၃ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဒီဇင်ဘာလ ၂၇ ရက်ကစပြီး ရုတ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်က ယနေ့ ထုတ်ပြန်လိုက်သော်လည်း စိုးရိမ်မှုများ ရှိနေဆဲဟု ရန်ကင်းမြို့ခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
အသက် ၃၀ အရွယ် အဆိုပါ မြို့ခံအမျိုးသားက “ရွေးကောက်ပွဲရှိတာရော၊ နှစ်သစ်ကူးရှိတာရောကြောင့် ထင်ပါတယ်။ ကိုယ်ဖြစ်ရင် ကိုယ်ခံလေ။ ဘာအာမခံချက်မှ မရှိဘူး။ သူ့ဟာသူ ရုတ်ရုတ်မရုတ်ရုတ် စိုးရိမ်မှုတွေကတော့ ရှိနေတာပါပဲ။ ဘယ်မှကို မသွားဖြစ်တာ တော်တော်ကြာသွားပြီ” ဟု သံလွင်ခက်ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပိုမိုကောင်းမွန်လာသောကြောင့် အများပြည်သူ သွားလာရ လွယ်ကူချောမွေ့စေရန် ထုတ်ပြန်ထားသော အမိန့်ကို အာဏာသိမ်းစစ်တပ်၏ ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ရုတ်သိမ်းလိုက်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ရှေ့နေဟောင်းတစ်ဦးက “နိုင်ငံတကာကိုဖြစ်ဖြစ်၊ ပြည်တွင်းက လူ တွေကို ဖြစ်ဖြစ် ရွေးကောက်ပွဲကာလမှာ အမြင်ကောင်းအောင်လို့ တဆုံးလည်ပင်းညှစ်ထားရာကနေ တဖြည်းဖြည်းပြန်လျှော့ပေးလိုက်၊ ပြန်တင်းလိုက်နဲ့ ကစားနေတယ်လို့ မြင်ပါတယ်’’ ဟု သံလွင်ခက်ကို မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရန်ကုန်တောင်ပိုင်းခရိုင်ဒေသကမြို့နယ် ၁၀ ခုကို ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြကာ ည ၁၀ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပြောင်းလဲ သတ်မှတ်ထားခဲ့သည်။
ဓါတ်ပုံ – ရန်ကုန်မြို့လမ်းမပေါ်ရှိ စစ်အုပ်စုအဖွဲ့ဝင်များ(သံလွင်ခက်)
#ရန်ကုန် #ညမထွက်ရအမိန့် #စိုးရိမ်မှုများရှိနေ #ThanLwinKhetNews
