![]()
သျှင်မြတ်ဖြူ
ရခိုင်ပြည်၊ သံတွဲမြို့ရှိ ကျေးရွာတစ်ခုကို ခရစ္စမတ်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ဒေသခံနေအိမ်များနှင့် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) နံနက် ၁ နာရီဝန်းကျင်အချိန်တွင် သံတွဲမြို့နယ်၊ အမှတ် ၅ တိုက်နယ်၊ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟုသိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာရှည်ကျေးရွာသို့ စစ်ရှောင်လာသူ အသက် ၅၅ နှစ်အရွယ် ဒေါ်နော်စေးရေဖောမှာ ဗုံးစထိမှန်သေဆုံးသွားခဲ့ရသည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း ယမန်နေ့ ညနေ ၅:၂၀ နာရီခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က ပြောသည်။
ယခုနှစ် ဧပြီလ ၉ ရက်ကလည်း မင်းတပ်မြို့ ဖွီကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ခြောက်ဦး သေဆုံးသည့် ဖြစ်စဉ်ရှိခဲ့ပြီး ယခု ခရစ္စမတ်နေ့တွင်ပင် ချင်းပြည်နယ်ရှိ အရပ်သားများကို ပစ်မှတ်ထားပြီး စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဘာသာရေးနေ့ထူးနေ့မြတ်များတွင် စစ်ရေးနှင့် မသက်ဆိုင်သော လူနေကျေးရွာများနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ဝေဖန်ရှုတ်ချကြသည်။
