![]()
မူယန်
စစ်ကော်မရှင်အနေဖြင့် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကရင်နီပြည်နယ် လွိုင်ကော်၊ ဘောလခဲ၊ ဒီမောဆိုနှင့် ဖရူဆို မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသည်။
စစ်မီးများ မငြိမ်းသေးသည့် ကရင်နီပြည်နယ်အတွင်းအာဏာသိမ်းစစ်တပ်က ထိုသို့ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် စစ်တပ်၏ အာဏာဆက်လက်တည်မြဲရေးသာ ဖြစ်ကြောင်း ကရင်နီလူငယ်များက ထောက်ပြလိုက်သည်။
ရွေးကောက်ပွဲအပေါ် ကရင်နီပြည်မှ လူငယ်များ၏ သဘောထားအမြင်ကို သံလွင်ခက်မှ စုစည်းတင်ပြလိုက်သည်။
မူမီးလေး (အသက် ၂၈ နှစ်၊ ကယန်းလူငယ်)
“ဒီရွေးကောက်ပွဲက အတုအယောင်လို့ ပြောရတာက စစ်ကောင်စီဟာ သူတို့ အာဏာတည်တံ့ရေး၊ တရားဝင်အစိုးရဖြစ်ရေး၊ ပြီးတော့ နိုင်ငံတကာအသိအမှတ်ပြုရေးအတွက် သူကြိုးစား ဖန်တီးတဲ့ရွေးကောက်ပွဲသာ ဖြစ်တယ်”
Justin (အသက် ၂၂ နှစ်၊ ကယန်းလူငယ်)
“စစ်ကောင်စီဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ လူ့အခွင့်အရေးနေ့မှာတောင် ရခိုင်ဆေးရုံကို ဗုံးကြဲလို့ ပြည်သူအများအပြား သေဆုံးခဲ့ရတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းထားပြီး ရွေးကောက်ပွဲလုပ်နေတာက အဓိက ၂၀၂၀ တုန်းက အနိုင်ရရှိခဲ့တဲ့ အတိုက်အခံပါတီကြီးတွေ မပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်တာမို့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ရဲရဲကြီးထောက်ပြဖို့လိုပါတယ်”
Venom (အသက် ၂၄ နှစ်၊ ကယန်းလူငယ်)
“လာမယ့် ရွေးကောက်ပွဲက အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း၊ ဒီရွေးကောက်ပွဲက စစ်တပ်အတွက် ထွက်ပေါက်သာ ဖြစ်တယ်။ စစ်တပ်ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ရွေးကောက်ပွဲကလည်း မဲမသမာမှုသာ ဖြစ်နေဦးမှာပဲ။ သူတိူ့ရဲ့အာဏာ ဆက်လက် တည်မြဲအောင် ကြိုးစားခြင်းသာဖြစ်တယ်”
ခူးစိုးဟန် (အသက် ၂၂ နှစ်၊ ကယန်းလူငယ်)
“ဒီရွေးကောက်ပွဲက ကရင်နီလူငယ်တွေတင်မက တစ်နိုင်ငံလုံးက အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို လူတိုင်း သိပြီးသားပါ။ စစ်တပ်က နိုင်ငံရေးအရ တရားဝင်မှုရအောင် ကြိုးစားတာပဲ ဖြစ်တယ်။ ပြီးတော့ သူတို့ဟာ နိုင်ငံရေး ဉီးဆောင်မှု အခန်းကဏ္ဍမှာ ထာဝရနေရာယူနိုင်ရေးနဲ့ သူ့အကျိုးစီးပွားရေး ကာကွယ်ရေးအတွက်သာ ဖြစ်တယ်။
ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် နိုင်ငံရေးအင်အားစုအားလုံး လက်ခံနိုင်မယ့် ဘုံသဘောတူညီချက်တစ်ရပ်ကို အရင်ဆုံး ဖော်ဆောင်ရပါမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ချင်တယ်ဆိုရင် နိုင်ငံတည်ငြိမ်အေးချမ်းအောင် အရင်ဆုံးလုပ်ဖို့ လိုအပ်ပါမယ်။ စစ်တပ်၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း လျှော့ချရပါမယ်”
အမည်မဖော်လိုသူ ကရင်နီ လူငယ်တစ်ဦး (အသက် ၂၇ နှစ်)
“တစ်နိုင်ငံလုံး ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့အချိန်မှာ လူထုအားလုံး လွတ်လပ်စွာ ပါဝင်နိုင်တဲ့ အခင်းအကျင်း မရှိပါဘူး။ ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ကြည့်လိုက်ရင်လည်း အကြမ်းဖက်စစ်တပ်ရဲ့ အာဏာကို ဆက်လက်တည်မြဲစေဖို့ တဖက်သတ် ဖိနှိပ်ထားတာကို မြင်နိုင်ပါတယ်”
#စစ်တပ်ရွေးကောက်ပွဲ #ကရင်နီလူငယ် #သဘောထား #ThanLwinKhetNews
