အလုပ်သမားရပိုင်ခွင့် ဦးဆောင်တောင်းဆိုသူ ၄ ဦး အလုပ်ထုတ်ခံရသဖြင့် ကျန်အလုပ်သမားများ အလုပ်မဆင်းဘဲ ထိုင်းလုပ်ငန်ရှင်အား ဆန္ဒပြ
**************************
ဇန်နဝါရီ ၂၀ ၊ ၂၀၂၃ ။
ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်ရှိ စက်ရုံတစ်ရုံတွင် အလုပ်သမားရပိုင်ခွင့်များကို ဦးဆောင်တောင်းဆိုသည့် မြန်မာအလုပ်သမား ၄ ဦးကို အလုပ်ထုတ်လိုက်သဖြင့် ကျန်မြန်မာအလုပ်သမားများက အလုပ်မဆင်းဘဲ ထိုင်းလုပ်ငန်းရှင်အား ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
အဆိုပါစက်ရုံရှိ MOU အလုပ်သမားများ၏ ပတ်စ်ပို့များကို အလုပ်ရှင်က သက်မှတ်ရက်ထက်ကျော်လွန်၍ သိမ်းဆည်းထားသောကြောင့် ပတ်စ်ပို့များကို ပြန်ပေးရန်နှင့် ချိုးဖောက်ခံ အလုပ်သမားအခွင့်အရေးရရှိရန် ဦးဆောင်တောင်းဆိုသော အလုပ်သမား ၄ ဦးကို ထိုင်းအလုပ်ရှင်က ယခုလ ဒုတိယအပတ်တွင်း၌ အလုပ်ဖြုတ်ခဲ့သည်။
“ ပတ်စ်ပို့တွေကို ဘဏ်ကတ်လုပ်ပေးမယ်ဆိုပြီး သိမ်းထားတာ။ သုံးလပြည့်ရင် ပြန်ပေးမယ်ဆိုပြီး သိမ်းထားတာ။ အခုက ဘဏ်ကတ်လည်းမရဘူး။ သုံးလကျော်လာတော့ ဦးဆောင်ပြီးတောင်းတဲ့ အလုပ်သမားလေးယောက်ကို အပြစ်မရှိ အပြစ်ရှာပြီး အလုပ်ထုတ်လိုက်တယ်။ ထိခိုက်ဒဏ်ရာရလည်း လျော်ကြေးမပေးဘူး ” ဟု စက်ရုံအလုပ်သမားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ကြက်သားများထုတ်လုပ်သည့် အဆိုပါစက်ရုံတွင် မြန်မာ MOU အလုပ်သမား ၂၀၀ ဦးဝန်းကျင်ရှိပြီး မြန်မာအလုပ်သမားများမှာ ပတ်စ်ပို့များ သိမ်းဆည်းခံထားရမှုအပါအဝင် အလုပ်သမားအခွင့်ရေးများ ချိုးဖောက်ခံနေရသည်ဟု သိရသည်။
ထို့ကြောင့် မြန်မာအလုပ်သမား ၁၈၀ ဦးကျော်က ယခုလ ၁၆ ရက်မှစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ပြီး အလုပ်ဖြုတ်ခံရသည့် အလုပ်သမား ၄ ဦးကို အလုပ်ပြန်ခန့်ရန်နှင့် ချိုးဖောက်ခံနေရသည့် အခွင့်အရေးများရရှိရန် တောင်းဆိုခဲ့သည်။
ထိုပြဿနာများကို ဖြေရှင်းရန်အတွက် ၄င်းတို့အား တာဝန်ယူပို့ဆောင်ခဲ့သော မွန်းဘင်းအေဂျင်စီကို ဆက်သွယ်ဖြေရှင်းပေးရန်တောင်းဆိုခဲ့သော်လည်း ထိရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိဟု သိရသည် ။
“ စက်ရုံမှာ ထိခိုက်ဒဏ်ရာရရင်လည်း တာဝန်မယူဘူး။ ကျန့်အော်ထုတ်ပေးမယ်လို့တော့ပြောတယ် ဒါပေမယ့် နောက်စက်ရုံမှာ လုပ်ခွင့်မရှိဘူး၊၊ ခုရုံမှာ လုပ်မယ်ဆိုဆက်လုပ်လို့ပြောတယ်၊၊ တာဝန်ယူမှုမရှိတဲ့ ဒီစက်ရုံမှာ အလုပ်သမားတွေက ဘယ်လိုမှဆက်မလုပ်ချင်တော့ဘူး။ အေဂျင်စီကလည်း တာဝန်မယူဘူး ” ဟု အလုပ်သမားတစ်ဦးက ပြောသည်။
အဆိုပါပြသနာများအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ အလုပ်သမားအရေး ကူညီပေးနေသော ထိုင်း၊ မြန်မာအဖွဲ့အစည်းများနှင့် အေဂျင်စီတို့ပါ ပါဝင်၍ ထိုင်းလုပ်ငန်းရှင်နှင့် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်အထိ စေ့စပ်ညှိနှိုင်းဖြေရှင်းခဲ့ရာ ပတ်စ်ပို့များ ပြန်ရခဲ့သော်လည်း အခြားကိစ္စများ ပြေလည်မှုမရရှိဟု အလုပ်သမားများထံမှ သိရသည်။
ထို့ကြောင့် MOU မြန်မာအလုပ်သမားအများစုသည် ထိုစက်ရုံ၌ အလုပ်ထွက်ရန် လက်မှတ်ထိုးထားကြပြီး အလုပ်ပြောင်းရွေ့ လုပ်ကိုင်နိုင်ရန်အတွက်လည်း အဆိုပါစက်ရုံသူဌေးမှ နောက်စက်ရုံများ၌ အလုပ်လုပ်ခွင့်ပေးမည်မဟုတ်ဟု ပြောဆိုသောကြောင့် မြန်မာပြည်ပြန်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု အလုပ်သမားများထံမှ သိရသည်။
ပုံစာ – အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည့် မြန်မာအလုပ်သမားများ ။