![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ထောင်ချီသည် လက်ရှိတွင် အလုပ်အကိုင် ရှားပါးလာမှုနှင့်အတူ စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်များထံမှ သိရသည်။
သံတွဲဒေသ၏ အဓိကစီးပွားရေးမှာ ရေလုပ်ငန်းဖြစ်သော်လည်း လက်ရှိတွင် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွင့် မရရှိခြင်းက ဒေသခံများအတွက် အဓိက အဟန့်အတားဖြစ်နေသည်ဟု ဆိုကြသည်။
သံတွဲမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက “သံတွဲမှာက ရေလုပ်ငန်းလုပ်တဲ့သူတွေ များတယ်။ အခုက ပင်လယ်အလုပ်တွေ မလုပ်ရဘူး။ ပင်လယ်မဆင်းရတော့ အများကြီး အခက်အခဲတွေ့နေရတယ်။ ကုန်ဈေးနှုန်းကလည်း ကြီးတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။
သံတွဲမြို့အနီး ပင်လယ်ပြင်တွင် စစ်ကော်မရှင် ရေတပ်စစ်သင်္ဘောများ ရှိနေပြီး ကျေးရွာများအတွင်းသို့ ရမ်းသန်းပစ်ခတ်မှုများ ဆက်ရှိနေခြင်းကြောင့် ဒေသခံများမှာ ပင်လယ်ပြင်သို့ မထွက်ရဲဘဲ အသက်အန္တရာယ် စိုးရိမ်နေကြရခြင်းဖြစ်သည်။
ထို့အတူ စားနပ်ရိက္ခာအပြင် လက်ရှိ ဆောင်းရာသီကာလအတွင်း အနွေးထည်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆေးဝါးများလည်း လိုအပ်နေသည်ဟု သိရသည်။
စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “အခုက ဒီဘက်မှာ အရမ်းချမ်းတော့ အနွေးထည်တွေလည်း မလောက်ဘူး။ တချို့ဆို လုံးဝမရှိတာလည်း ရှိသလို တစ်ထည်တည်းနဲ့ အောင့်အည်းနေရသူတွေလည်း ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မူတွေကလည်း အားနည်းတော့ အခက်အခဲတွေက ဆက်တိုက်ရှိနေတယ်” ဟု ဆိုသည်။
လက်ရှိတွင် သံတွဲမြို့နယ်အတွင်း စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀၀ ကျော်၊ လူဦးရေအားဖြင့် ၇၀၀၀ ခန့် ရှိနေသည်ဟု စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
ပုံစာ – သံတွဲစစ်ဘေးရှောင်များ (Photo – CJ ပေးပို့)
#သံတွဲစစ်ရှောင် #စားဝတ်နေရေးအခက်အခဲ #ရင်ဆိုင်နေရ #ThanLwinKhetNews
