![]()

ကရင်လက်နက်ကိုင်အစုအဖွဲ့တစ်ခုဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၏ စစ်ဦးစီးချုပ်အပါအဝင် ခေါင်းဆောင်ပိုင်းနေရာများတွင် ရာထူးအပြောင်းအလဲလုပ်ဆောင်လုပ်သည်ဟု ၎င်းအဖွဲ့အစည်း၏ စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
ဒီဇင်ဘာ ၂၁ ရက်တွင် ကျရောက်သော ၃၁ နှစ်ပြည့် DKBA အခမ်းအနားနေ့ရက်မှ စတင်ကာ ဒီဇင်ဘာ ၂၄ ရက်အထိ တပ်မှူးများဆိုင်ရာအစည်းအဝေးကို ဌာနချုပ်ရှိရာ ကော်သူးမွဲခီး(ဆုံဆည်းမြိုင်တွင် ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ အပြောင်းအလဲလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါအစည်းအဝေး လက်ရှိစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောစတီးသည် အသက် (၆၅) နှစ် ပြည့်သွားပြီဖြစ်သဖြင့် တပ်စည်းမျဉ်းစည်းကမ်းအရ နာယကနေရာသို့ ပြောင်းရွှေ့တာဝန်ယူကာ စစ်ဘက်ဆိုင်ရာ ဦးဆောင်မှုမှ အနားယူလိုက်သည်။
ဗိုလ်ချုပ်ကြီး စောစတီး၏ နေရာတွင် ဒုတိယစစ်ဦးစီးချုပ်တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝက ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး DKBA ၏ စစ်ဦးစီးချုပ်သစ်အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။
လစ်လပ်သွားသော ဒုတိယစစ်ဦးစီးချုပ်နေရာတွင် ကွပ်ကဲရေးမှူး ၂ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ် စောဘငြိမ်းအား ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်၍ ခန့်အပ်ခဲ့သည်။

အခြားသော ခေါင်းဆာင်းပိုင်းအပြောင်းအလဲတွင် စစ်ဦးစီးအရာရှိချုပ်နေရာ၌ ဗိုလ်ချုပ် စောဆန်းအောင်က ယခင်အတိုင်းတာဝန်ယူထားပြီး အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးတာဝန်ယူထားသော ဗိုလ်မှူးချုပ်စိုင်းကျော်လှက DKBA ဌာနချုပ် စီးပွားရေးတာဝန်ခံအဖြစ် ရာထူးပြောင်းလဲထားသည်ဟု သိရသည်။
အမှတ် ၁ စစ်ဒေသကွပ်ကဲရေးမှူးနေရာတွင် လစ်လပ်ဟုသာ လက်ရှိအချိန်တွင် သိရှိထားရပြီး အမှတ် ၂ စစ်ဒေသကွပ်ကဲရေးမှူးနေရာတွင် အမှတ် (၂) စစ်ဒေသနည်းဗျူဟာဌာန၏ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းအား ရာထူးတိုးမြင့်ခန့်ထားခဲ့သည်။
ထို့အပြင် ဌာနချုပ် ဌာနမှူးကြီးအနေဖြင့် ဗိုလ်မှူးကြီး စောကျော်သန်းဌေးက တာဝန်ယူထားပြီး ဆက်သွယ်ရေးတာဝန်ခံအဖြစ် ဗိုလ်မှူး စောသရဲနီက ခန့်အပ်ထားခဲ့သည်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ မူလက “တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်” (Democratic Karen Buddhist Army) ဟူသော အမည်ဖြင့် စတင်ခဲ့ပြီး KNU ဌာနချုပ် မာနယ်ပလော ကျဆုံးခြင်းတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ် (BGF) အသွင်ကူးပြောင်းရေးကို လက်မခံလိုသော ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် အဖွဲ့သည် ခွဲထွက်ကာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(Democratic Karen Benevolent Army) ဟု ပြောင်းလဲခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၆ ခုနှစ်၊ မတ်လတွင် ဗိုလ်ချုပ်စောလားပွယ် ကွယ်လွန်ပြီးနောက် ဗိုလ်ချုပ်ကြီး စောမိုရှေးက ဆက်လက်ဦးဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၎င်းကွယ်လွန်ချိန်၌ ဗိုလ်ချုပ်ကြီး စောစတီးက စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် DKBA သည် မြဝတီခရိုင်၊ ဝေါလေဒေသရှိ ဆုံဆည်းမြိုင်တွင် ဌာနချုပ်အခြေစိုက်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများကြားတွင် NCA လမ်းကြောင်းပေါ်၌ ဆက်လက်ရပ်တည်နေသော အဖွဲ့တစ်ခုဖြစ်သည်။
ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)
#DKBA #စစ်ဦးစီးချုပ်အနားယူ #ဒုတိယဗိုလ်ချုပ်ကြီးစောရွှေဝ #စစ်ဦးစီးချုပ်သစ်ဖြစ်လာ #ThanLwinKhetNews
