![]()
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံသို့ တစ်ပတ်တာကာလအတွင်း အာဏာသိမ်းစစ်တပ်မှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ စုစုပေါင်း ရှစ်ဦး ဆက်တိုက်အလင်းဝင်ရောက်လာသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။
စစ်ကော်မရှင်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသည့် တပ်သား ငါးဦးသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အခြေစိုက် KNLA တပ်ရင်း (၈) ထံ ပထမဆုံးအသုတ်အနေဖြင့် ဒီဇင်ဘာလ ၁၆ ရက်က အလင်းဝင်ရောက်ခဲ့သည်။
၎င်းတို့မှာ ခလရ-၃၀ မှ အသက် ၂၁ နှစ်မှ ၃၆ နှစ်ကြားရှိ တပ်သားများ ဖြစ်ကြသည်။
ဒီဇင်ဘာလ ၂၁ ရက်တွင်လည်း ခလရ-၇၅ မှ အသက် ၂၃ နှစ်မှ အသက် ၃၀ ကြား တပ်သား သုံးဦးသည် မိမိတို့ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းရခြင်းကြောင့် KNLA တပ်ရင်း (၈) ထံ ထပ်မံဘက်ပြောင်းခိုလှုံလာခဲ့ကြသည် ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အလင်းဝင်ရောက်လာသူ ၈ ဦးလုံးကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လက်ခံထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု ဆိုထားသည်။
KNU အနေဖြင့် အာဏာသိမ်းစစ်တပ်အတွင်း မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရသူများအားလုံး မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံးဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။
#အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ #KNU #အလင်းဝင် #ThanLwinKhetNews
