![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၃ ရွာအား စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် ညနေ ၅ နာရီမှ ည ၉ နာရီအချိန်အတွင်း ဆင်အင်းကြီး၊ ကွမ်းတောင်နှင့် ခမောင်းတောတို့အား ဗုံးကြဲခဲ့သည့်အတွက် နေအိမ်တချို့ ပျက်စီးခဲ့ရသည်ဟု အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွာ ၃ ရွာကို ကြဲသွားတယ်။ ရွာပြင်ဘက်တွေကို ကျတယ်။ ရွာပြင်အနီးအနားက နေအိမ်တွေကို ကျသွားတာရှိတယ်။ နေအိမ်တွေမှာလည်း ကျသွားတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဆင်အင်းကြီးကျေးရွာအား ဗုံး နှစ်လုံး ကြဲချခဲ့ကာ နေအိမ်အများအပြား ပျက်စီးသွားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“လူတွေက အထိအခိုက်တော့ မရှိဘူး။ ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တယ်။ အိမ်တွေကလည်း ပျက်စီးသွားတယ်။ လူတွေ အထိအခိုက်ကတော့ မရှိဘူး။ လူတွေက စစ်ရှောင်နေကြတာ” ဟုဆိုသည်။
စစ်တပ်သည် ရခိုင်ရှိ မြို့နယ်အများအပြားကို နေ့စဥ်နီးပါး ဗုံးကြဲ တိုက်ခိုက်မူများ ရက်ဆက်လုပ်နေသည့်အတွက် စစ်ဘေးရှောင် အရေအတွက်၊ ထိခိုက်သေဆုံးမူများနှင့် အဆောက်အအုံ အပျက်အစီးများလည်း များလာနေသည်။
ပုံစာ – ပျက်စီးသွားသည့် နေအိမ်များအားတွေ့ရစဥ်
Photo – APM
#ပုဏ္ဏားကျွန်း #စစ်တပ် #ဗုံးကြဲ #ThanLwinKhetNews
