![]()
ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ ပင်လယ်ပြင်သို့ ဘင်္ဂလားဒေ့ချ်ဘက်မှ ခိုးဝင်လာသည့် ငါးဖမ်းသမားများ နေ့စဉ်နီးပါး ရှိနေပြီး အာရက္ခတပ်တော်မှလည်း ဖမ်းဆီးမှုများ လုပ်ဆောင်နေရသည်ဟု မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။
မောင်တောမြို့နယ်ရှိ အလယ်သံကျော်ကမ်းစပ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာအနီးတွင် အများဆုံးဖမ်းမိနေခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
၎င်းက “နေ့တိုင်းဆိုသလို ခိုးဝင်လာကြတယ်။ ဖမ်းဆီးထားတာလည်း မနည်းတော့ဘူး။ နေ့တိုင်းဆိုသလို ဖမ်းဆီးရမိတာရှိတယ်။ မောင်တောဘက် မဟုတ်ရင် ရသေ့တောင်ဘက်မှာ ဖမ်းမိတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်း ခိုးဝင်လာသည့် ဘင်္ဂလီ ကိုးဦးအား အာရက္ခတပ်တော်က ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။
ခိုးဝင်လာသည့် ဖြစ်စဉ်များမှာ နေ့စဉ်လို ရှိနေသည့်အတွက် အာရက္ခတပ်တော်အနေဖြင့် တင်းကြပ်သည့် စည်းကမ်းချက်များ ထုတ်ပြီး လုပ်ဆောင်သင့်သည်ဟုလည်း ရသေ့တောင်မှ အသက် ၃၅ နှစ်အရွယ် ဒေသခံတစ်ဦးကဆိုသည်။

“ခိုးဝင်လာတဲ့ ငါးဖမ်းသမားတွေကို အေအေအနေနဲ့ အခုထက် ပိုတင်းကျပ်တဲ့ ဥပဒေတွေ၊ အရေးယူမှုတွေ ထုတ်ပြီးတော့ တားမြစ်သင့်တယ်။ မဟုတ်ရင် အခုလိုမျိုးတွေ ဆက်တိုက်ရှိနေမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ခိုးဝင်ငါးဖမ်းသမားများထဲတွင် တစ်ခါတစ်ရံ အာဆာအဖွဲ့ဝင်များက ငါးဖမ်းသမား အယောင်ဆောင်ပြီး အေအေဘက်မှ ရဲဘော်များကို တိုက်ခိုက်မှုများရှိ၍ သေဆုံးမှုများလည်းရှိနေသည်ဟု သိရသည်။
ဘင်္ဂလားဒေ့ချ်ဘက်မှ လာသည့် ငါးဖမ်းသမားများအား ရခိုင်ရေနက်ပိုင်းသို့ ဝင်ရောက် ငါးမဖမ်းရန် အာရက္ခတပ်တော်ဘက်မှ တားမြစ်ထားသော်လည်း ဆက်တိုက်ရှိနေခြင်းဖြစ်သည်ဟုလည်း အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။
“နေ့တိုင်းကတော့ ဖမ်းဆီးပြီးတော့ ပြန်လွှတ်ပေးလိုက်တာလည်းရှိတယ်။ တရားဥပဒေအရ လုပ်ဆောင်ပြီးတော့ လုပ်ဆောင်နေတာလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ချ်ဘက်မှ လာသည့် ငါးဖမ်းသမားများကို အာရက္ခတပ်တော်၏ ကမ်းခြေစောင့် တပ်ဖွဲ့များမှ နေ့စဉ်နီးပါး စောင့်ကြည့်နေပြီး ဖမ်းဆီးမှုများ လုပ်ဆောင်နေကြရခြင်းဖြစ်သည်။
ပုံစာ – ဖမ်းဆီးခံရသည့် ဘင်္ဂလားဒေ့ချ် နိုင်ငံသားများအားတွေ့ရစဥ်
Photo – APM
#ဘင်္ဂလားဒေ့ချ်ငါးဖမ်းသမားများ #ရခိုင်ရေနက်ပိုင်း #ခိုးဝင်မှုများနေ့စဉ်ရှိ #ThanLwinKhetNews
